နေရပ်စွန့်ခွာသူများ ဘေးအန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး အစိုးရနှင့်UNHCR ဆွေးနွေးနေ

နေရပ်စွန့်ခွာသူများ ဘေးအန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး အစိုးရနှင့်UNHCR ဆွေးနွေးနေ
Photo-Filippo Grandi tweeter

ရန်ကုန်၊ မေ ၂၄ ။           ။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi သည်  ရခိုင်ပြည်နယ်ခရီးစဉ်အပြီး နေရပ်စွန့်ခွာသူများ ဘေးအန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေးအတွက် အကူညီပေးနိုင်ရေးကို မြန်မာအစိုးရနှင့် ဆွေးနွေးနေသည်ဟု သိရသည်။

 “ ရခိုင် ၂ ရက်ခရီးစဉ်အပြီး မြန်မာအစိုးရနဲ့ ရှေ့ဆက်မဲ့အစီအစဉ်တွေအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နေရပ်စွန့်ခွာသူများ ဘေးအန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေး၊ လိုအပ်တဲ့အကူညီတွေ၊ နေရပ်ကို ဘေးအန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေးအတွက် ယုံကြည်မှုတွေ တည်ဆောက်နိုင်ရေးတို့ကို ပံ့ပိုးပေးဖို့ပါ” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi က တွစ်တာတွင် မေ ၂၃ ရက်က ရေးသားထားသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာခဲ့ပြီး ၂ ရက်တာ ခရီးစဉ်အတွင်း မောင်တောမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်ပြန်လည်လက်ခံရေး စခန်းအချို့ကို သွားရောက် ခဲ့ကာ စစ်တွေမြို့မှ ဒါးပိုင်ကယ်ဆယ်ရေးစခန်းနှင့် ဘာဆာရာကျေးရွာများသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ယင်းခရီးစဉ်အပြီး မေ ၂၃ ရက်တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင် UNDP နှင့် UNHCR တို့ ဆောင်ရွက်နေသည့် အသေးစားစီမံကိန်းများကို အကောင်အထည်ဖော်ရေးကိစ္စ၊ နိုင်ငံသားစိစစ်ခြင်း (National Verification Card) ထုတ်ပေးရေး၊ နိုင်ငံသားဖြစ်ခွင့်ရရှိရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေး စသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံပြီး မြန်မာအစိုးရ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့အကြား ၂၀၁၈ ခုနှစ်၊ ဇွန် ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ သက်တမ်း တိုးမြှင့်ရေး၊ ထိုင်း-မြန်မာနယ်စပ်ရှိ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသည့် မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများကိစ္စ၊ မြန်မာနိုင်ငံအစိုးရမှဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် UNHCR မှ ကူညီပံ့ပိုးပေးနိုင်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 
Mr.Filippo Grandi သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ARSA အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်းတွင်လည်း ရခိုင်ပြည်နယ်သို့ တစ်ကြိမ်ရောက်ရှိလာပြီး မောင်တောဒေသမှ ဖြစ်စဉ်များကို သွားရောက်လေ့လာစုံစမ်းခဲ့သေး သည်။

ARSA တိုက်ခိုက်မှုဖြစ်အပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် ဘင်္ဂါလီမွတ်စလင် လူဦးရေ ငါးသိန်းခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခြင်း ဖြစ်သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly