မူးယစ်ဆေးဝါး အမြတ်အစွန်းနှင့် ပဋိပက္ခဆက်စပ်မှဳ

မူးယစ်ဆေးဝါး အမြတ်အစွန်းနှင့် ပဋိပက္ခဆက်စပ်မှဳ

လက်နက်ကိုင်ပဋိပက္ခနှင့် တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်မှုတို့ ပုံစံအမျိုးမျိုးဖြင့် ဒွေးရောယှက်တင် ဖြစ်နေ သည်မှာ အသစ်အဆန်းမဟုတ်ပါ။ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ နိုင်ငံရေးအရ မဟာမိတ် ဖွဲ့ကြရာမှ၎င်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုစျေးကွက် အပြောင်းအလဲဖြစ်ရာမှ၎င်း အတူတွဲပြီးဖြစ်ပေါ်လာလေ့ရှိ သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုပုံစံပြောင်လဲလာရခြင်း၏ အဓိကအ ကြောင်းမှာ ၁၉၉၀ စုနှစ်များမှ ၂၀၁၁ ခုနှစ်အထိ နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်နေခဲ့သော မြောက်ပိုင်းရှမ်းပြည် နယ်တည်ငြိမ်မှု အဆုံးသတ်သွားခြင်းနှင့် အကြမ်းဖက်မှုများကို နှိမ်နင်းရန် တပ်မတော်က အသုံးပြုခဲ့သော နည်းပရိယယ်များကြောင့်ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းပဋိပက္ခတွင် သမိုင်းနောက်ခံအမျိုးမျိုးရှိပြီး တရားမဝင် မူးယစ်ဆေးဝါးအပေါ် မတူညီ သောမူဝါဒ ကျင့်သုံးကြသည့် လက်နက်ကိုင်အုပ်စုများ ပါဝင်နေကြသည်။ မြောက်ပိုင်း မဟာမိတ်အဖွဲ့များကြား မှာပင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မတူညီသောမူဝါဒများရှိကြသည်။ MNDAA ကိုးကန့်အဖွဲ့က ၂၀၀၉ ခုနှစ် သူတို့ရှုံးနိမ့် မောင်းထုတ်မခံရမီအချိန်ကပင် မူးယစ်ဆေးဝါးထုတ်လုပ်မှု ရောင်းဝယ်မှုများနှင့် ပတ်သက်၍ နာမည်ပျက်ရှိသည်။ ရခိုင်တပ်မတော်ကလည်း သူတို့လှုပ်ရှားမှုနှင့် စစ်ဆင်ရေးများအတွက် ယာဘ အရောင်းအဝယ်ဖြင့် တစိတ်တပိုင်း ငွေကြေးထောက်ပံ့နေရသည်ဟု စွပ်စွဲမှုများရှိသည်။ TNLA ကမူ မူးယစ်ဆေးဝါး ဆန့်ကျင်သည့်မူဝါဒရှိကြောင်း အတိအလင်းပြောဆိုထားသည်။

 TNLA ၏ မဝေးလှသောအ တိတ်သမိုင်းကိုပြန်ကြည့်လျှင် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များအဖို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့်ပတ်သက်လာလျှင် ဘယ်တော့မှပြတ်သားသည့် မူဝါဒမရှိခဲ့သည်ကို ပြသနေသည်။ TNLA သည် တအောင်း ပလောင်လူမျိုးတို့၏ လက်နက်ကိုင်ခုခံမှုအတွက် နောက်ဆုံးပြန်လည် မွေးဖွားပေါ်ပေါက်ခဲ့သော အဖွဲ့ဖြစ်သည်။ သူ့အရင်တည်ရှိခဲ့သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော် (PNLA) ကိုတပ်မတော်က ၂၀၀၅ ခုနှစ်တွင် အတင်းအကျပ် လက်နက်ဖြူတ်သိမ်းပြီး အဖွဲ့ကိုလည်းဖျက်သိမ်းခဲ့သည်။

 ထိုအဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို သူ့ဒေသအတွင်း ကန့်သတ်ခဲ့ခြင်းကြောင့် ထိုအဖွဲ့ ဖျက်သိမ်းခြင်းခံရသည်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ထုတ်လုပ်မှုများ ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်း ပလောင် တို့နေထိုင်ရာ ဒေသအတွင်း (အထူးသဖြင့် ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ) တို့တွင် ရုတ်တရက်အကြီးအကျယ် ပြန်လည်တိုးတက်လာခဲ့သည်ဟု ဒေသခံများကပြောကြသည်။ ထို့ကြောင့် တအောင်းပလောင်တို့၏ ကျေးလက်ဒေသများအတွင်း ဆုတ်ယုတ်မှုများကြုံခဲ့ရသည်။

ဤနောက်ခံအကြောင်းကြောင့်ပင် ၂၀၀၉ ခုနှစ်အတွင်း TNLA ကိုဖွဲ့စည်းခဲ့ပြီး တပ်မတော်ကိုတိုက်နေသည့် တချိန်ထဲမှာပင် တရားမဝင် မူးယစ်ဆေးဝါးအန္တရာယ်ကိုလည်း တိုက်ခိုက်သွားမည်ဟု ကြေညာခဲ့သည်။ ဤ ရပ်တည်ချက်ကြောင့်၎င်း ဘိန်းခင်းများကို အကြီးအကျယ် ဖျက်ဆီးခြင်းကြောင့်၎င်း ဘိန်းဖြူစီးပွါးရေးအတွင်း ပါဝင်ပတ်သက်နေပြီး  ဘိန်းခင်းများကို အကာအကွယ်ပေးနေသည့် ပြည်သူ့စစ်အဖွဲ့များနှင့် ထိပ်တိုက်တိုးခဲ့ရ သည်။ အထူးသဖြင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့်ဖြစ်သည်။ ထိုအဖွဲ့နှစ်ခုအကြား တိုက်ပွဲများကြိုးကြားကြိုးကြား ဖြစ်ပွါးနေခဲ့ပြီး ဘိန်းရိတ်သိမ်းချိန်တွင် အများအားဖြင့် ဖြစ်ပွါးကြသည်။ ပန်ဆေးပြည်သူ့စစ်ကလည်း တပ်မတော်ကို ကြိမ်ဖန်များစွာ စစ်ကူတောင်းခဲ့သည်။ တပ်မတော်ကလည်း TNLA နှင့်တိုက်ပွဲများအတွင်း ပန်ဆေး ပြည်သူ့စစ်ဘက်မှ လေကြောင်းပစ်ကူနှင့် အမြောက်ကြီးပစ်ကူများပေးခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအကြား မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခတို့ တိုက်ရိုက်ဆက်စပ်နေပုံ ပထမပုံစံဖြစ်သည်။

 အခြားသောဆက်စပ်မှုများမှာမူ တိုက်ရိုက်မဟုတ်ပေ။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုပ်ရှားမှုများလုပ်နေသည့်

TNLA ပင်လျှင် သူ့လက်နက်ကိုင် တော်လှန်ရေးကို ထိန်းသိမ်းထားရန်လိုအပ်သည့် အရေးပါသော ရန်ပုံငွေကို ရှာဖွေရသေးသည်။ အနိမ့်ဆုံးအားဖြင့် တော်လှန်ရေးအခွန်အကောက် (တော်လှန်ရေးရန်ပုံငွေ) ဆိုသည်ကို ရှာရသေးသည်။ အထူးသဖြင့် လားရှိုး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် သွားလာနေသည့် ကုန်စည်ကူးသန်းနေသော ကုန်ကားများကိုခြောက်လှန့် တောင်းယူတာလုပ်ရသည်။ သူတို့သည် နှှစ်ဝက်တခါ ထိုငွေကို ပလောင်အဖွဲ့သို့ပေးရသည်။ တအောင်းပလောင် စျေးဆိုင်များနှင့် စီးပွါးရေးသမားများထံကလည်း ဆက်ကြေးအတင်းအကျပ်ကောက်သည်။ တခါတရံ TNLA သည် မဟာမိတ်များနှင့်အတူ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံကို ဝင် ရောက်တိုက်ခိုက်သည်။ ၂၀၁၆ နိုဝင်ဘာလကဆိုလျှင် ထိုသို့တိုက်ခိုက်ပြီး တရုတ်မြန်မာ ကုန်သွယ်ရေးကို ရက်ပေါင်းများစွာ ပိတ်ထားခဲ့သည်။ တပ်မတော်က အခြားဒေသများတွင် စစ်ဆင်ရေးများ လုပ်နေသည့်အချိန်တွင် အခြားတနေရာတွင် စစ်မျက်နှာသစ်ဖွင့်လှစ်နိုင်ရန်နှင့် မြန်မာအစိုးရအပေါ် ဘဏ္ဍာရေးအရ အထိနာစေဖို့ဖြစ်သည်။

 ရှမ်းပြည်နယ်မြောက်ပိုင်း စီးပွါးရေးမှာ မူးယစ်ဆေးဝါးကို အမှီပြုနေသည်ဖြစ်ရာ မူးယစ်ဆေးဝါး ကုန်သွယ်ရေးနှင့် ပတ်သက်နေသည့်ငွေကို ရှောင်ရန်မှာ လက်တွေ့တွင် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။ ဓာတုကုန်ကြမ်းပစ္စည်းများနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများမှ TNLA ၏ အခွန်အကောက်ရရှိရေးအတွက် အကျိုးအမြတ်အများဆုံး အခွင့်အလမ်းများကို ရရှိစေသည်။ ထိုမူးယစ်ဆေးဝါး အရောင်းအဝယ်များမှ အလွန်မြင့်မားသည့်အခွန်အ ကောက်များကောက်သည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကိုလည်း မကြာခဏပင် စျေးကွက်အတွင်း ပြန်လည်ရောင်းချသည်။ (အခြားဝင်ငွေများကို ဒေသတွင်း စည်ပင်နေသော တရားမဝင် သစ်မှောင်ခိုလုပ်ငန်းမှ၎င်း၊ သယံဇာတ တူးဖော်ရောင်းချရေး လုပ်ငန်းများမှ၎င်း၊ လူကုန်ကူးခြင်းမှ၎င်း ရရှိသည်။) ထိုသို့ရရှိလာသည့် ဝင်ငွေများထဲမှ တအောင်းပလောင် ဘိန်းစိုက်တောင်သူများအတွက် ဘိန်းမှအပ အခြားအစားထိုး အသက်မွေးမှုများအတွက် ကူညီထောက်ပံ့သည့် အထောက်အထားများ မတွေ့ရပါ။

 လက်နက်ကိုင်ပဋိပက္ခနှင့် မူးယစ်ဆေးဝါးမှာ တိုက်ရိုက်ဆက်စပ်နေသည်။ အထူးသဖြင့် ရံဖန်ရံခါ မူး ယစ်ဆေးဝါး ပပျောက်ရေးလုပ်သည့်အချိန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများအကြား တိုက်ပွဲများဖြစ်ပွါးချိန် မျိုးတွင်ဖြစ်သည်။ ထိုတရားမဝင်စီးပွါးရေးကြောင့် လက်နက်ကိုင်အဖွဲ့များအဖို့ အခွန်အကောက် သို့မဟုတ် ခြောက်လှန့်တောင်းယူခြင်းဖြင့် ဝင်ငွေရရှိစေသည်။ ထိုငွေဖြင့် နှစ် ၇၀ ကြာ မြန်မာ့ပြည်တွင်းစစ်ကို ထောက်ပံ့ ထားနိုင်သည်၊ အသက်ဆက်ထားနိုင်သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်ရေးလုပ်ငန်း၏ အမြတ်အစွန်းကြီးမားမှုက နိုင်ငံစုံ ရာဇဝတ်ဂိုဏ်းကြီးများကို ဆွဲဆောင်နေသည်။ အကျင့်ပျက်ခြစားမှုကိုကြီးထွားစေသည်။ လူနည်းစု တိုင်းရင်းသား အသိုက်အဝန်းများ၏ မကျေနပ်ချက်များကို ပိုမိုများပြားလာစေပြီး၊ ထိုမကျေနပ်ချက်များကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရခြင်းဖြစ်သည်။  တဘက်တွင်လည်း တပ်မတော်၏ စစ်ရေးမဟာဗျူဟာမှာ ဆီလျော်ကြောင်း ပြည်တွင်းစစ်ကြောင့် ရမည်ရှာ၍ ရနေသည်။  ပြစ်ဒဏ်မခံရဘဲ မူးယစ်ဆေးဝါး လုပ်ငန်းလုပ်နေသည့် လက်နက်ကိုင်များ လွှမ်းမိုးနေသော ပျက်စီးပွန်းစားသွားစေသည့် နိုင်ငံရေးဘောဂဗေဒအတွက် အခြေအနေများကိုလည်း ဖန်တီးပေးသည်။

 အဖြေကဘာလဲ

ICG ၏အဆိုအရ မြန်မာအစိုးရသည် မူးယစ်ဆေးဝါးထိန်းချုပ်မှုနှင့် အဂတိလိုက်စားမှု နှိမ်နင်းရေးကြိုးပန်းမှုများကို နှစ်ဆတိုးပြုလုပ်သင့်သည်။ အဆင့်နိမ့် အသေးစား ဥပဒေချိုးဖောက်သူများကို အပြစ်ပေးမည့်အစား ပညာပေးခြင်း မူးယစ်အန္တရာယ် လျှော့ချခြင်းများနှင့် အစားထိုးသင့်သည်။ စစ်တပ်ကလည်း ပြည်သူ့စစ်များနှင့် အခြားအစိုးရထောက်ခံသည့် စစ်ရဲတပ်များကို ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သင့်သည်၊ အဆုံးစွန်အားဖြင့်ဖျက် သိမ်းသင့်သည်။ နိုင်ငံတော်အတွက် ပြီးပြည့်စုံသည့် ငြိမ်းချမ်းရေး အဖြေရှာရေးကို လုပ်ဆောင်သင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly