ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နုတ်ထွက်ရမှုအကြောင်း ရှင်းလင်းမည်

ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး နုတ်ထွက်ရမှုအကြောင်း ရှင်းလင်းမည်

ရန်ကုန် ၊ မေ ၂၄  ။           ။ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးကို သဘောဆန္ဒ အလျောက် နုတ်ထွက်ခွင့်ပြုခဲ့ပြီးနောက် နုတ်ထွက်ရသောအကြောင်းရင်းကို မေ ၂၅ ရက်တွင် ရှင်းလင်းမည်ဟု သိရသည်။

နုတ်ထွကမှုကို သမ္မတရုံးမှ မေ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး ဖူဆယ်ဘောလုံးကွင်း ဆောက်လုပ်ရန် ဘတ်ဂျက်တင်ရာတွင် မရရှိခဲ့ခြင်းကြောင့် နုတ်ထွက်ခွင့်ပြုရန် စာတင်ထားခြင်းဖြစ်သည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်က မေ ၂၃ ရက်နေ့က ပြောဆိုထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးတေဇထွဋ်လှိုင်ထွေးအား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ကိုယ်တိုင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိဘဲ ၄င်း၏ ကိုယ်ရေးအရာရှိက “မနက်ဖြန်(မေ ၂၅) မနက်ဆယ်နာရီမှာ မီဒီယာ အားလုံးကို ဖြေပေးမယ်” ဟု ပြောဆိုခဲ့သည်။

ဦးတေဇထွဋ်လှိုင်ထွေးသည်  ၂၀၁၅ အထွေထွေးရွေးကောက်ပွဲ၌ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာ (လူမျိုးစုမဲဆန္ဒနယ်) မှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်လာသူဖြစ်သည်။

၎င်းသည် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သော်လည်း ဗမာတိုင်းရင်းသားရေးရာ (လူမျိုးစု) လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်ရှိနေမည်လည်းဖြစ်သည်။

လက်ရှိတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ နုတ်ထွက်စာတင်ခဲ့သည့် ဝန်ကြီး ၂ ဦး ရှိခဲ့ပြီး လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က ဇွန်လ ၂၁ ရက်နေ့တွင် ကျန်းမာရေးကိစ္စဖြင့် နုတ်ထွက်ထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly