ကာတာမှာ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့ လာဘ်ထိုးခဲ့မှုဖြင့် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကို ပြင်သစ်တရားရုံးမှ စွဲချက်တင်

ကာတာမှာ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့ လာဘ်ထိုးခဲ့မှုဖြင့် ပီအက်စ်ဂျီအသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကို ပြင်သစ်တရားရုံးမှ စွဲချက်တင်
Photo: AFP

ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကို လာဘ်ပေးလာဘ်ယူမှုဖြင့် ပြင်သစ်တရားရုံးက စွဲချက်တင်ခဲ့ပါတယ်။

အယ်လ်ခီလိုင်ဖီဟာ ကာတာနိုင်ငံမှာ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိဖို့အတွက် တာဝန်ရှိသူများထံ လဘ်ထိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအားကစားပြိုင်ပွဲကို ၂၀၁၇ နဲ့ ၂၀၁၉ ခုနှစ်မှာ ကျင်းပနိုင်ရေးအတွက် အဓိကလုပ်ဆောင်ခဲ့ကြောင်း အေအက်ဖ်ပီက တရားရေးဘက်က သတင်းရင်းမြစ်ကို ကိုးကားဖော်ပြခဲ့ပါတယ်။

ကာတာရုပ်သံလိုင်း BeIn Sports ရဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ခီလိုင်ဖီကို ယခုဖြစ်ရပ်နဲ့ပတ်သက်လို့ မတ်လကတည်းက စစ်ကြောလာခဲ့တာဖြစ်ပါတယ်။

အယ်လ်ခီလိုင်ဖီဟာ ၂၀၁၇ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို ဒိုဟာမှာ ကျင်းပခွင့်ရရှိဖို့အတွက် ကန်ဒေါ်လာ ၃.၅ သန်း (ပေါင် ၂.၈ သန်း)ကို နှစ်ကြိမ်ခွဲပြီး လာဘ်ထိုးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲကို လန်ဒန်က အိမ်ရှင်အဖြစ် လက်ခံကျင်းခွင့်ရခဲ့ပေမယ့် စက်တင်ဘာ-အောက်တိုဘာမှာ ကျင်းပမယ့် ဒီနှစ်ပြိုင်ပွဲကိုတော့ ကာတာက အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့ပါတယ်။

နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း လာမီနီဒီယက်ခ်ရဲ့ သားဖြစ်သူကို ခီလိုင်ဖီနဲ့ သူ့အကို ခါလီတို့ ပူးတွဲ ပိုင်ဆိုင်တဲ့ Oryx Qatar Sport Investment ကနေတစ်ဆင့် လာဘ်ထိုးခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

အသက် ၈၅ နှစ်အရွယ် လာမီနီဒီယက်ခ်ကို ယခုကိစ္စနဲ့ ဆက်နွယ်ပြီး မတ်လက အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်တင်ခဲ့ပြီး သားဖြစ်သူ ပါးပါး မာဆာတာ ဒီယက်ခ်ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဘာမီနီဒီယက်ခ်ဟာ နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ၁၉၉၉ ကနေ ၂၀၁၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။

BeIn Sports ရုပ်သံလိုင်းရဲ့ အမှုဆောင်အရာရှိနဲ့ ပီအက်စ်ဂျီရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သူ အယ်လ်အိုဘတ်ဒီလီဟာလည်း ၂၀၁၉ ကမ္ဘာ့ပြေးခုန်ပစ်ပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပရရှိမှုအတွက် ပြင်သစ်တရားရုံရဲ့ စုံစမ်းစစ်ဆေးမှုအောက်မှာ ရှိနေပါတယ်။

Ref; AFP, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly