မိုးကြိုးပစ်ခံရပြီး ၃ ရက်အတွင်း သေဆုံးသူ ၆ ဦးအထိ ရှိလာ

မိုးကြိုးပစ်ခံရပြီး ၃ ရက်အတွင်း သေဆုံးသူ ၆ ဦးအထိ ရှိလာ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ မေ ၂၃ ။         ။ မိုးကြိုးပစ်ခံရမှုကြောင့် ၃ ရက်အတွင်း မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် သေဆုံးသူ ၆ ဦးအထိ ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၂၀ ရက်၊ ညနေ ၄ နာရီ ၃၅ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ညောင်ပင်စုကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အောင်စိုးဆိုသူမှာ စပါးစိုက်ရန်အတွက် လယ်ကန်သင်းများပိတ်နေစဉ် မိုးကြိုးပစ်ခတ်ခဲ့ရာ နှာခေါင်း၊ ဝဲပါး၊ လက်မောင်း၊ ဝဲခါးစောင်း ပွန်းပဲ့ညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီ၊ ၄၀ မိနစ်အချိန်တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာ နေ အသက် ၁၄ နှစ်အရွယ်  အောင်ကိုချစ် အပါအဝင် ၄ ဦးတို့မှာ ကျေးရွာအနီးလယ်ကွင်း၌ စပါးကျဲနေစဉ် မိုးကြိုးပစ်ခံခဲ့ရသည်။

မိုးကြိုးပစ်ခတ်မှုကြောင့် အောင်ကိုချစ်တွင် ဝဲရင်အုံညိုမဲဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အသက် ၅၆ နှစ်အရွယ် ဦးသန်းထွန်းပါ ၃ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် လေးမျက်နှာပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။

အလားတူ မေလ ၂၀ ရက်နေ့၊  ည ၆ နာရီခွဲအချိန် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ဲမြို့နယ်၊ ကော့စိန်ချောင်းဝ ကျေးရွာ နေ အသက် ၄၅ နှစ်အရွယ် မောင်လူကူးနှင့် အသက် ၆၄ နှစ်အရွယ် ဦးသာအောင် ၂ ဦးသည် မောင်လူကူး၏ နေအိမ်ခေါင်မိုးအား ပြုပြင်နေစဉ် မိုးကြိုးပစ်ခံခဲ့ရသည်။

မိုးကြိုးပစ်ခတ်မှုကြောင့် မောင်လူကူးတွင် ရင်ဘတ်၊ ဝဲခါးရိုး၊ ကျောကုန်း ညိုမဲဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ပြီး ဦးသာအောင်တွင် ကျောကုန်းညိုမဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေဂွန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရကြောင်း ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မေလ ၂၁ ရက်နေ့၊ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ မြဂိုးကြီး ကျေးရွာတွင် မိုးကြိုးထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပြီး အလားတူ မွန်းလွဲ ၂ နာရီခွဲအချိန် မိုးရွာသွန်း ကာ မိုးကြိုးပစ်ခတ်မှုကြောင့် ဟင်္သာတမြို့နယ်၊ မရမ်းချိုကျေးရွာနေ အသက် ၅၃ နှစ်အရွယ် ဦးတင်ထွန်းအား မိုးကြိုးထိမှန်ခဲ့ပြီး ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

မေလ ၂၂ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သီးကုန်း ကျေးရွာတွင် မိုးကြိုးပစ်ချခံရ၍ အမျိုးသမီးတစ်ဦးသေဆုံးသွားခဲ့ပြီး ပျော်ဘွယ်မြို့နယ်၊ ညောင်ရွှေကျေးရွာတွင် မိုးကြိုးပစ်ချခံရ၍ မိုးကြိုးစက်ကွင်းထိမှန်ကာ အဆိုပါကျေးရွာနေ အသက် ၄ဝ အရွယ် ဒေါ်သင်းသင်းခိုင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲထုတ်ပြန်ချက်အရ သိရသည်။

မေလ ၂၂ ရက်နေ့တွင်ပင် ညနေ ၃ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ မြောက်ဆက်အင်းကျေးရွာ တွင် အသက် ၁၁ နှစ်အရွယ် ရဲထက်နိုင် ဆိုသည့် ကလေးမှာ ကျေးရွာအနီးရှိ လယ်ကွင်း၌ ကျွဲကျောင်းနေစဉ် မိုးကြိုးပစ်ချခံရ၍ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားကြောင်းသိရသည်။

ယခုလများအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မိုးကြိုးပစ်မှုအန္တရာယ်ကို ဖြစ်စေပေါ်စေနိုင်သည့် မိုးတိမ်တောင်များကို ဂရုပြုရန်လိုကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly