ကျောက်ဆည်တွင် တရားမဝင် ကာမအားတိုးဆေးများကို ထုတ်လုပ်သည့် စက်ပစ္စည်းနှင့်အတူ ဖမ်းမိ

ကျောက်ဆည်တွင် တရားမဝင် ကာမအားတိုးဆေးများကို ထုတ်လုပ်သည့် စက်ပစ္စည်းနှင့်အတူ ဖမ်းမိ
ဖမ်းဆီးရမိသည့် ကာမအားတိုးဆေးများ(ဓာတ်ပုံ- Soe Thiha)

မန္တလေး(မေလ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ တရားမဝင် ဆေးဝါးများ ထုတ်လုပ်နေကြောင်း သတင်းပေးတိုင်ကြားမှုကြောင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာတွင် တရားမဝင် ကာမဆေးတိုးဆေး အများအပြားနှင့် ထုတ်လုပ်သူအား ဖမ်းဆီးရမိသည့် ဖြစ်စဉ်တစ်ခု မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် မေလ ၂၃ရက်က ဖြစ်ပွားခဲ့သည်။

ကြက်မင်းတွန်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုအတွင်း ပိုင်ရှင်ဟု ယူဆရသူ ဂျူးဂျူး(ခ) ထွန်းလင်းဆိုသူအား ကာမအားတိုးဆေး အမျိုးအစား ၁၄မျိုးကို ထုတ်လုပ်သည့် စက်ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“အိမ်တစ်ခုရဲ့ မီးဖိုချောင် အခန်းလေးထဲမှာ ထုတ်နေတာဗျ၊ တရားမဝင်ထုတ်နေတာ။ ဆေးအားလုံးက ကာမအားတိုးဆေးတွေချည်းပါပဲ။ တံဆိပ် အမျိုးမျိုးနဲ့ပါ” ဟု ကျောက်ဆည်မြို့မရဲစခန်းမှ ဒုရဲအုပ် သက်ဆွေက အတည်ပြုသည်။

ထို့ပြင် အဆိုပါ တစ်နေရာထဲတွင် ထုတ်လုပ်နေခြင်း မဟုတ်ဘဲ အခြားနေရာများတွင်လည်း ထုတ်လုပ်နေကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ဆက်စပ်နေရာများကို သွားရောက် ဖမ်းဆီးကာ သိမ်းဆည်းမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ တရားမဝင် ကာမအားတိုးဆေးများ၏ ကာလတန်ဖိုးကိုမူ တွက်ချက်နေဆဲဖြစ်သလို ရောင်းချသည့် မြို့၊ ရွာများနှင့် ရောင်းချမှုပုံစံကိုလည်း ကနဦး စစ်ဆေးနေသည့် အဆင့်သာရှိသေးပြီး အတိအကျ မသိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဖမ်းဆီးရမိသည့် ဆေးဝါးများတွင် ‘Vigrx’ အမှတ်တံဆိပ်ဖြင့် အမျိုးသားများ သုံးစွဲရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ဆေးအများအပြားကို တွေ့ရသည်။

လတ်တလောတွင် ပိုင်ရှင်ဟု ယူဆရသူ ဂျူးဂျူး(ခ) ထွန်းလင်းဆိုသူအား ကျောက်ဆည်မြို့မ ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးကာ အမှုဖွင့်နိုင်ရေး ဆောင်ရွက်လျက် ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly