ပြည်သူများ၏ ရပိုင်ခွင့် ချိုးဖောက်ကန့်သတ်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ကမ်ပိန်းပြုလုပ်

ပြည်သူများ၏ ရပိုင်ခွင့် ချိုးဖောက်ကန့်သတ်ခံရမှုကို တုံ့ပြန်သည့်အနေဖြင့် ကမ်ပိန်းပြုလုပ်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၂၃ ။               ။ တပ်မတော်၏ တရားစွဲဆိုမှုခံထားရသည့် ရုံးချိန်းတိုင်းတွင် "တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတန်းပါ အပြာရောင် အင်္ကျီများ ဆင်တူဝတ်ဆင်ကာ လှုပ်ရှားမှုပြုလုပ်နေခြင်းမှာ ပြည်သူများ၏ ရပိုင်ခွင့်များ ချိုးဖောက်ကန့်သတ်နေမှုကို ခေါင်းငုံ့မခံဘဲ တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့် လှုပ်ရှားမှု"အသံ"အဖွဲ့အမှုဆောင်ဒါရိုက်တာ ကဗျာဆရာ မောင်ဆောင်းခက ပြောသည်။

ထိုသို့ လှုပ်ရှားမှုပြုလုပ်ရခြင်းမှာ တပ်မတော်ထံ မည်သည့်အရာမှ မျှော်လင့်ထားခြင်းမရှိကြောင်း၊ ပြည်သူ များ၏ ရပိုင်ခွင့်များအား ချိုးဖောက်ကန့်သတ်နေမှုကို ခေါင်းငုံ့မခံဘဲ တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ကဗျာဆရာ မောင်ဆောင်းခက မေလ ၂၃ ရက်၊ ဒါရိုက်တာ မင်းထင် ကိုကိုကြီး ရုံးချိန်းသို့ လာရောက်စဉ် မဇ္စျိမ၏ မေးမြန်းမှုကို ဖြေခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့က တပ်ဆီက ဘာမှ မျှော်လင့်စရာမရှိဘူး။ တပ်ကလည်း ဘယ်တော့မှ မျှော်လင့်စရာကောင်းတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ရှိမနေခဲ့ဘူး။ အဓိကတော့ ကျွန်တော်တို့ဟာ ဒီလိုမျိုး ပြည်သူတွေရဲ့ ရပိုင်ခွင့် တွေ အပေါ်မှာ ချိုးဖောက်ကန့်သတ်တဲ့ လုပ်ဆောင်မှုတွေပေါ်မှာ ဘယ်တော့ကမှ ခေါင်းငုံ့ခံမနေဘူး။ ကျွန်တော်တို့ ဟာ ဒီအပေါ်မှာ တုံ့ပြန်ခဲ့တယ်။ တုံ့ပြန်မယ်ဆိုတာမျိုးနဲ့ပဲ လုပ်တာဖြစ်တယ်"ဟု ကဗျာဆရာ မောင်ဆောင်းခ က ပြောသည်။

တပ်မတော်ဘက်က တရားစွဲဆိုထားသည့် ရုံးချိန်းတိုင်းတွင် အရပ်ဖက်အဖွဲ့အစည်း ၂၀ ခန့်က ပူးပေါင်းပြီး "တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ" စာတန်းပါ အပြာရောင်အင်္ကျီများ ဆင်တူဝတ်ဆင်ကာ လှုပ်ရှားမှုပြုလုပ်နေခြင်းဖြစ်ပြီး ယင်းလှုပ်ရှားမှုကို မေလ ၁၇ ရက်နေ့ကတည်းက စတင် ပြုလုပ် နေခြင်းဖြစ်သည်။

" ဒီကမ်းပိန်းကို တပ်ကစွဲဆိုထားတဲ့ အမှုရုံးချိန်းတိုင်းမှာ စုံအောင် ကျွန်တော်တို့ အရင်လုပ်သွားဖို့ရှိတယ်။ အဲ့ဒါ ပြီးတော့မှ ထပ်မထူးခြားရင် နောက်ထပ် အိတ်ဖွင့်ပေးစာမဟုတ်တော့ဘဲနဲ့ ဒီ.. တပ်ကို သတိပေးတဲ့စာ ရေးဖို့ရှိ တယ်။ အဲ့ဒါပြီးရင် ဒီလို ကမ်းပိန်းတွေ ဆက်လုပ်ဖြစ်ချင်ဖြစ်မယ်။ တခြား လူထုဆန္ဒထုတ်ဖော်ပွဲကြီးတစ်ခု လုပ် ဖြစ်မလားဆိုတာကတော့ ကျွန်တော်တို့ နောက်ထပ်အစည်းအဝေးတွေမှာ ပြန်တိုင်ပင်စဉ်းစားမှာဖြစ်တယ်"ဟု ကဗျာဆရာ မောင်ဆောင်းခ ကဆက်ပြောသည်။

တပ်မတော်ဘက်မှ ၎င်းတို့၏  ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ ယခုနှစ်၊ နှစ်ဆန်းပိုင်းမှ စပြီး တပ်မတော်အပေါ် ရေးသား၊ ဝေဖန်၊ ဟောပြော၊ သရုပ်ပြခဲ့ကြသည့်  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အပါအဝင် မီဒီယာအချို့ကိုပါ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)၊ ၅၀၅(ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)တို့ဖြင့် မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုမှုများနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ တရားလိုလုပ်တရားစွဲသူ တပ်မတော်အဆင့်မြင့် အရာရှိများကို ရုံးချိန်းတိုင်း အကြိမ်ကြိမ်မေးမြန်းခဲ့သော် တစ်စုံတရာ ဖြေဆိုခဲ့ခြင်းမရှိခဲ့ပေ။

လက်ရှိတွင် တပ်မတော်မှ ထိုသို့ ခပ်စိပ်စိပ် တရားစွဲဆိုနေသည့်အပေါ် လူသုံးများသော လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင်လည်း ဝေဖန်မှုများမြင့်တက်နေသကဲ့သို့ ထောက်ခံမှုများလည်း ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly