ဖူဆယ်ကွင်း တည်ဆောက်ရန် မြန်မာကို FIFA မှ ကန်ဒေါ်လာ ၂သန်း ထောက်ပံ့

ဖူဆယ်ကွင်း တည်ဆောက်ရန် မြန်မာကို FIFA မှ ကန်ဒေါ်လာ ၂သန်း ထောက်ပံ့
ဓာတ်ပုံ - MFF

ရန်ကုန်၊ မေလ ၂၃ ။        ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် ဖူဆယ် မိုးလုံလေလုံအားကစားကွင်း တည်ဆောက်ရန် FIFA မှ ကန်ဒေါ်လာ ၂သန်း ထောက်ပ့ံလိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA )ထံသို့ နိုင်ငံတကာအဆင့်မီ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင် ဖူဆယ် အား ကစားရုံ အသစ်တည်ဆောက်ရန်အတွက်  FIFA Forward Program အနေဖြင့် ခွင့်ပြုပေးရန် ၂၀၁၈ ခုနှစ် ကတည်းက တင်ပြတောင်းဆိုခဲ့ပြီး ယခုအခါ FIFA မှ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ပိုင်  နိုင်ငံတကာအဆင့်မီ ဖူဆယ်မိုးလုံလေလုံကစားကွင်း( Indoor Stadium) သည် ပရိသတ် ၂ဝဝဝအထိ အားပေးကြည့်ရှုနိုင်မည်ဖြစ်ပြီး သုဝဏ္ဏအားကစားကွင်းအနီးတွင် ဆောက်လုပ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဖူဆယ်အားကစားရုံအသစ် တည်ဆောက်ရန်အတွက် ကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA မှ Forward Program အနေဖြင့် အမေရိကန်ဒေါ်လာ ၂သန်း ထောက်ပံ့ သွားမည်ဖြစ်ပြီး တည်ဆောက် ရေး လုပ်ငန်းများကို ပုံမှန်စောင့်ကြည့်သွားမည်ပာု သိရသည်။

လက်ရှိတွင် ဖူဆယ်လိဂ်ပြိုင်ပွဲများ၊ ဖူဆယ်ရှုံးထွက် ပြိုင်ပွဲများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ National Indoor Stadium (NIS-1) သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) မှ နှစ်စဉ် ကျင်းပနေရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်ကွင်းတည်ဆောက်ခြင်းအတွက် ဖီဖာခွင့်ပြုချက်ရရှိခဲ့သောကြောင့် သုဝဏ္ဏဘောလုံးကွင်း၏ မီးစင်မီးလုံးများ Flood Light အဆင့်မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ တစ် သိန်းခွဲနှင့် လေ့ကျင့်ရေးကွင်းသစ်တို့အတွက် လိုအပ်မည့် အမေရိကန် ဒေါ်လာ တစ်သိန်း စုစုပေါင်း ဒေါ်လာ နှစ်သိန်းခွဲ ကိုလည်း FIFA Forward Program အတိုင်းထပ်မံ၍ ဆက်လက်တင်ပြ တောင်းခံသွားမည်ပာု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly