ဘတ်ဂျက်နှင့် တင်ဒါအခက်အခဲများကြောင့် ကျောင်းဝတ်စုံအစား ဗလာစာအုပ်သာ ပေးနိုင်မည် ဟုဆို

ဘတ်ဂျက်နှင့် တင်ဒါအခက်အခဲများကြောင့် ကျောင်းဝတ်စုံအစား ဗလာစာအုပ်သာ ပေးနိုင်မည် ဟုဆို

နေပြည်တော်၊ မေလ ၂၃။             ။ လာမည့် ပညာသင်နှစ်အတွင်း မူလတန်းကျောင်းအပ်မည့် ကလေးများကို ဘတ်ဂျက်နှင့် တင်ဒါ အခက်အခဲ များကြောင့် ယခင်က ပေးသည့် ကျောင်းဝတ်စုံအစား ဗလာစာအုပ် ခြောက်အုပ်ကို ထပ်ဆောင်းပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ယခင်က ၁၄၀၀ ကျပ်နှုန်းနှင့် အစိုးရမှ ကုန်ကျခံကာ အခမဲ့ဖြန့်ဝေခဲ့သည့် ကျောင်းဝတ်စုံများသည် ယခု လက်ရှိတွင် အဆိုပါ စျေးနှုန်းမျိုးနှင့် မရတော့ဘဲ ၁၄၀၀ ကျပ်တန် ကျောင်းဝတ်စုံပေးမည်ဆိုပါက ၄င်း ဝတ်စုံသည် အရည်အသွေးည့ံခြင်း နှင့် တင်ဒါခေါ်ယူရာတွင် အဆိုပါ စျေးနှုန်းနှင့် အရှုံးခံပြီး ဝင်ပြိုင်မည့် သူ မရှိတော့ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

“တစ်ချို့အများစုကလည်း ဘယ်လိုမှ သုံးမရတဲ့ကျောင်းဝတ်စုံကို ဘာဖြစ်လို့ပေးနေတာလဲ။ အရည်အသွေး လည်း မကောင်းဘူး။ ချုပ်ရိုးချုပ်သားကလည်းမကောင်းဘူး။ဒီလိုဟာမျိုး ပေးလိုက်ရင် တော်တော်များက မြို့ပေါ်က ကလေးတွေက ဒီဟာကိုသုံးကြသလားဆိုရင်တော်တော်များများက ကောင်းတဲ့ဟာကို ဝတ်ကြ တာများတယ်။ ဆိုတော့ ဒါဟာနိုင်ငံရဲ့ဘဏ္ဍာကို ကျွန်တော်တို့အကျိုးရှိရှိသုံးတာ ဟုတ်ရဲ့လား ဆိုတာ ကျွန်တော်တို့ပြန်စဉ်းစားပါတယ်။ အဲ့တော့ ဒီနှစ်တကယ်လို့ကျွန်တော်တို့ပေးမယ်ဆိုရင် ဘက်ဂျက်တိုးရမယ်။ တင်ဒါခေါ်ရင်လည်း အခက် အခဲရှိနိုင်တယ်”ဟု ၄င်းကပြောကြားသည်။

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အခြေခံပညာဦးစီးဌာနမှ ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝတ်စုံများအစား ယခင်က အခမဲ့ပေးသည့် ဗလာစာအုပ် ခြောက်အုပ်အပြင် နောက်ထပ်ခြောက်အုပ်ပေါင်းပြီး စာအုပ်တစ်ဒါဇင် ပေးခြင်းသည် ကလေးများ၏ ပညာရေး ကဏ္ဍတွင် အထောက်အကူ ပြုနိုင်မည် ဖြစ်သည့် အတွက် ထိုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်းကို ၄င်းကပြောသည်။

“ပြည်သူဘက်က Complain ၊ပြည်သူ့အသံကိုနားထောင်ပါတယ်။ အရည်အသွေးလည်းမကောင်းဘူး။ ကြီးတဲ့ကလေးကိုငယ်တဲ့ဆိုဒ် ကရောက်လာ။ ငယ်တဲ့ကလေးတွေကချောင်ချောင်ချိချိအကြီးကြီးတွေဝတ်ရ၊ ဒါမျိုးတွေဖြစ်တဲ့အခါကျတော့ တော်တော်များများကွန်ပလိန်းတွေရောက်ပါတယ်။ အဲ့တော့ဒီနှစ်တော့ဝတ်စုံ ဒီ၁၄၀၀ အစား ဘာပေးရင် ကောင်းမလဲ စဉ်းစားပါတယ်။ မူလကဗလာစာအုပ် ၆အုပ်ပေးပါတယ်။ အခု နောက်ထပ်ဗလာစာအုပ် ၆အုပ်ပေါင်းပေးပြီးတော့။ အဲ့ဒါတော့ဟိုကလေးနဲ့ မတန်ဘူး။ ဒီကလေးနဲ့ မတန်ဘူး မရှိဘူး။ကလေးတွေရဲ့ သင်ကြားသင်ယူမှု လုပ်ငန်းကိုလည်း အထောက်အကူဖြစ်တယ်။ နောက်ထပ် ၆အုပ် တိုးပေးတယ်ဆိုပြီး ပေးတာဖြစ်ပါတယ်”ဟု ဦးကိုလေးဝင်းက ဆက်ပြောသည်။

လာမည့်ဇွန်လ ၁ရက်နေ့မှ စတင်ကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းကို စတင်တော့မည်ဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅သန်းကျော်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required