တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရ တွေ့ဆုံပွဲ ရွှေ့ဆိုင်း

တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရသဖြင့် မြောက်ပိုင်းအဖွဲ့များနှင့် အစိုးရ တွေ့ဆုံပွဲ ရွှေ့ဆိုင်း

ရန်ကုန် ၊ မေ ၂၃ ။           ။ တွေ့ဆုံမည့်နေရာ ညှိနှိုင်းမရခြင်းကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် အစိုးရ (NRPC) တို့အကြား တွေ့ဆုံမည့်  ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု PSLF/TNLA ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး ၏ အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“တွေ့မယ့်အစီအစဉ် ပြောင်းလိုက်ပြီလို့ ကြားကနေ ညှိနှိုင်းပေးနေတဲ့ အဖွဲ့က ကျွန်တော်တို့ကို အကြောင်းကြား ထားပါတယ်။ ၂၄ ၊ ၂၅ မှာ တွေ့မယ်အစီအစဉ် မဖြစ်တော့ပါဘူး” ဟု တာဘုန်းကျော်က ဆိုသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် အစိုးရ (NRPC) တို့အကြား မူဆယ်မြို့တွင် တွေ့ဆုံခဲ့ကြပြီး ယင်းတွေ့ဆုံပွဲတွင် မြောက်ပိုင်းအဖွဲ့များဘက်မှ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် အဆို ပြုချက်ကို ပေးအပ်ခဲ့ပြီး မေလ ၂၄ ရက် နှင့် ၂၅ ရက်နေ့တွင် ထပ်မံတွေ့ဆုံပြီး ညှိနှိုင်းရန် သဘောတူညီခဲ့ခြင်း လည်း ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့်  KIO/KIA ကချင် ၊ PSLF/TNLA ပလောင် ၊ ULA/AA ရခိုင် ၊ MNTJP/ MNDAA ကိုးကန့် အဖွဲ့တို့သည် အစိုးရနှင့် တွေ့ဆုံမည့် နေရာကို မူဆယ် ၊ ပန်ဆန်း နှင့် တရုတ်နိုင်ငံ ကူမင်း စသည့် သုံးနေရာအား အဆိုပြုထားခြင်းဖြစ်သည်။

အစိုးရဘက်ကမူ တွေ့ဆုံဆွေးနွေးမည့် နေရာကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် မြစ်ကြီးနားမြို့တို့ကို အဆိုပြုထားသည်။

“မူဆယ်မှာ တွေ့မယ်ဟာက သူတို့( NRPC ရော မြန်မာ့တပ်မတော်ရော) လာဖို့အဆင်မပြေဘူး။ မူဆယ်မှာ တော့ မဆွေးနွေးနိုင်ဘူး။ လာဖို့အခက်အခဲဖြစ်တဲ့အတွက် မလာဖြစ်ဘူးဆိုတာ ပြန်အကြောင်းကြားတယ်” ဟု တာဘုန်းကျော်က ဆိုသည်။

Bilateral (ခေါ် ) နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရန် ဆွေးနွေးနေသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့်  KIO/KIA ကချင် ၊ PSLF/TNLA ပလောင် ၊ ULA/AA ရခိုင် ၊ MNTJP/ MNDAA ကိုးကန့် အဖွဲ့ တို့သည် တပ်မတော် နှင့် တိုက်ခိုက်မှုဖြစ်ပွားနေသည့် အဖွဲ့များလည်းဖြစ်သည်။

တပ်မတော်ဘက်ကမူ ကချင် နှင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်း ၅ တိုင်းတွင် လေးလတာ အပစ်အခတ်ရပ်စဲကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့ပြီးနောက် ၄ လ သက်တမ်းပြည့်တဲ့ ဧပြီလ ၃၀ ရက်နေ့တွင် လည်း အပစ်ရပ်ကာလကို နောက်ထပ် ၂ လ ထပ်မံတိုးမြင့်ကြောင်း ကြေညာထားသည်။

သို့သော်လည်း တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်များဘက်ကမူ အပစ်ရပ်ထားသည့် စစ်တိုင်းဒေသ ၅ ခု အပြင် ရခိုင်ပြည်နယ်အတွင်း၌ပါ အပစ်ရပ်ပေးရန် တောင်းဆိုထားသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly