ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်က နိုင်ထက်စီးနင်း ပြုမှုတယ်ဆိုကာ တရုတ် ရှုတ်ချ

ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်က နိုင်ထက်စီးနင်း ပြုမှုတယ်ဆိုကာ တရုတ် ရှုတ်ချ
Photo-EPA

ပေကျင်း၊ မေ ၂ ။         ။ နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို အမေရိကန်ရဲ့ ပြုမူပုံအပေါ် တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ရှုတ်ချပြောဆိုပါတယ်။

ဒီအပြင်လည်း အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးထိ တိုက်ခိုက်သွားဖို့ တရုတ်နိုင်ငံက အသင့်ရှိထားပြီးဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဝန်ယီက ပြောပါတယ်။

ပြီးခဲ့သည့်် သီတင်းပတ်မှာ အမျိုးသားလုံခြုံရေး စိုးရိမ်ရတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတွက် နိုင်ငံခြားကုမ္ပဏီတွေဟာ ဟွာဝေးနဲ့ ဖက်စပ်လုပ်ကိုင်တော့တာကို ရပ်ဆိုင်းဖြစ်ကုန်အပြီးမှာ ကမ္ဘာ့စီးပွားရေးအကြီးဆုံး နှစ်နိုင်ငံကြားမှာ တင်းမာမှုက ပိုပြီး အရှိန်မြင့်လာနေတာပါ။

“အမေရိကန်ဟာ နိုင်ငံတော်အာဏာကို သုံးစွဲပြီး ဟွာဝေးလို ပုဂ္ဂလိကတရုတ်ကုမ္ပဏီကို ထင်ရာစိုင်းပြီး ဖိအားပေးနေတာဟာ စီးပွားရေးနိုင်ထက်စီးနင်း ပြုကျင့်တာပဲ ဖြစ်တယ်။”လို့ ဝန်ကြီး ဝန်ယီက ပြောခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအကျိုးစီးပွားအပေါ် ခြိမ်းခြောက်နိုင်တယ်ဆိုပြီး သမ္မတ ထရမ့်ဟာ အမေရိကန်ကုမ္ပဏီတွေကို ဟွာဝေးနဲ့ ချိတ်ဆက်လုပ်ကိုင်မှုကို တားမြစ်မိန့် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

“အမေရိကန်က လူအချို့ဟာ တရုတ်က တရားသဖြင့် စျေးကွက်ဖွံ့ဖြိုးလာမှာကို မလိုလားဘဲ ဟန့်တားချင်နေကြတာ ဖြစ်ပါတယ်။”လို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဝန်ယီက ပြောခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags