မကွေးတွင် မိုးရွာစေရန် ရွာ (၄) ရွာပေါင်းပြီး လွန်ဆွဲပွဲပြုလုပ်

မကွေးတွင် မိုးရွာစေရန် ရွာ (၄) ရွာပေါင်းပြီး လွန်ဆွဲပွဲပြုလုပ်
ဓာတ်ပုံ-တင်ရွှေ(မဇ္ဈိမ)

မကွေး၊  မေ ၂၃ ။     ။ အပူရှိန်မြင့်မားပြီး မိုးရွာနောက်ကျနေသဖြင့် စိုက်ပျိုးချိန်အမီ မိုးရွာစေရန် မကွေးမြို့နယ် ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူများက မေ ၁၉ ရက်မှ မေ ၂၂ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲအချိန်၌ မြသလွန်ဘုရားကွင်းပြင်တွင် မိုးခေါ်လွန်ဆွဲပွဲ ကျင်းပပြုလုပ်နေသည်။

မကွေးမြို့နယ်၊ သရက်ပြင်ရပ်ကျေးရွာမှ ဦးဆောင်ပြီး သာယာကုန်းကျေးရွာ၊ ဝါးတောကျေးရွာ၊ စကောချောင်းကျေးရွာပြည်သူများ စုပေါင်းကာ အမျိုးသားတစ်ဖက်၊အမျိုးသမီးတစ်ဖက် အပြိုင်လွန်ဆွဲခဲ့ကြသည်။

"ကျွန်မတို့ လွန်ဆွဲရတဲ့ရည်ရွယ်ချက်က မိုးရွာစေချင်လို့ပါ။  လွန်ဆွဲတာ ၃ ရက်ရှိပါပြီ ။ အကယ်၍ မိုးမရွာသေးရင် နောက်ထပ် ၂ ရက် ထပ်ဆွဲဖို့ ရှိပါတယ်။ ယုံကြည်မှုအပြည့်နဲ့ လုပ်နေကြတာပါ ။ ၃ ရက် လွန်ဆွဲတာ ကျပ် ၁ သိန်းလောက် ကုန်ပါတယ်။ လမိုင်းပွဲတင်တာရယ်၊ ဆိုင်းနဲ့ ပစ္စည်းတွေငှားတာရယ်ပေါ့။ ဒီငွေကို ဒေသခံတွေစုပြီး ထည့်ဝင်ကြတာပါ" ဟု သရက်ပြင်ရပ်ကျေးရွာမှ ဒေါ်ပြုံးပြုံးကြည်က ဆိုသည်။

မကွေးမြို့နယ် သရက်ပြင်ရပ်ကျေးရွာမှ ဦးဆောင်ပြီး သာယာကုန်းကျေးရွာ၊ ဝါးတောကျေးရွာ၊ စကောချောင်းကျေးရွာပြည်သူများစုပေါင်းကာ အမျိုးသားတစ်ဖက်၊ အမျိုးသမီးတစ်ဖက် အပြိုင်လွန်ဆွဲကြခြင်းဖြစ်ကာအမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၅ ဦး ၊ အမျိုးသား ၁၂ ဦး သို့မဟုတ် ၁၃ ဦးနှင့် အမျိုးသမီး ၁၅ ဦးတို့ လွန်ဆွဲခဲ့ကြခြင်း ဖြစ်သည်။

အမျိုးသားအဖွဲ့ကို လေဟု နာမည်ပေးပြီး အမျိုးသမီးအဖွဲ့ကို မိုးဟုနာမည်ပေးကာ လွန်ဆွဲခဲ့ကြကြောင်း၊ လွန်ဆွဲပွဲသို့ လွန်ဆွဲကြသူများအပါအဝင် လာရောက်အားပေးသော ဒေသခံပြည်သူလူထု ဦးရေ (၅၀၀)ခန့်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လွန်ဆွဲပွဲပြုလုပ်ရာတွင် ဘုရားပွဲဦးထိပ်ထားကာ ဘုရားပွဲအောက်၌ မိုးကောင်းကျော်စွာပွဲ၊ ဘအံ့ကျော်ပွဲ၊ ဘောသောဘောကျော်ပွဲ၊ ကိုကြီးကျော်ပွဲဟု၍ ပွဲ(၅)ပွဲ တင်ရပြီး ထွန်တုံးကို ပန်းများ ကပ်ချည်ကာ ကြိုးဖြင့် တစ်ဘက်စီ သူနိုင်ကိုယ်နိုင် ဆွဲရကြောင်း လွန်ဆွဲသူများထံက သိရသည်။

မကွေးတိုင်းတွင် လက်ရှိ အပူချိန်မြင့်ကာ မိုးမရွာသောကြောင့် မေ ၂၂ ရက်နေ့ နံနက်ပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်ကာ ချောက်မြို့နယ်ရှိ မိုးကောင်းဘုရားကို မကွေးမြို့သို့ ပင့်ဆောင်လာကြောင်း သိရသည်။

တိုင်းအတွင်း မိုးများရွာသွန်း၍ အပူရှိန်ကျဆင်းကာ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန် ပင့်ဆောင်လာခြင်းဖြစ်ပြီး မကွေး မြသလွန်ဘုရားတွင် ၃ ရက်တိုင်တိုင် ကိန်းဝပ်စံပ္ပါယ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly