မကွေးတိုင်းအတွင်း မိုးရွာသွန်းစေရေးအတွက် မိုးကောင်းဘုရားကို ပင့်ဆောင်

မကွေးတိုင်းအတွင်း မိုးရွာသွန်းစေရေးအတွက် မိုးကောင်းဘုရားကို ပင့်ဆောင်

မကွေး၊ မေ ၂၂ ။       ။ အပူရှိန်မြင့်မားနေသည့် မကွေးတိုင်းအတွင်း မိုးရွာသွန်းစေရန် ရည်ရွယ်၍ (ယနေ့) မေလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်ကာ ချောက်မြို့နယ်ရှိ မိုးကောင်းဘုရားကို မကွေးမြို့သို့ ပင့်ဆောင်လာကြောင်း သိရသည်။

“ကုသိုလ်ရပါတယ် ။ မိုးကောင်းဘုရားပင့်တာ မိုးမှန်တယ်ပြောလို့ ဘုရားပင့်တာနောက်ကျနေတယ်။ အမှန်က သင်္ကြန်ပြီး တန်းပင့်ရမှာ”ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးမြို့သူမြို့သားများ စုပေါင်းကာ တိုင်းအတွင်း မိုးများရွာသွန်း၍ အပူရှိန်ကျဆင်းကာ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်စေရန်အတွက် မိုးကောင်းဘုရားကို ပင့်ဆောင်ကာ မြသလွန်ဘုရားတွင်(၃)ရက်တိုင်တိုင် ကိန်းဝပ်စံပ္ပါယ်မည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဇီးပွားကျေးရွာတွင် မြန်မာသက္ကရာဇ် (၄၇၉)ခုနှစ် သီတင်းကျွတ်လပြည့် ကျော် ၃ရက်နေ့၌ အလောင်းစည်သူမင်းကြီး ကိုးကွယ်တည်ထားခဲ့သော ရွှေဂျိုးတောင် (ခ) ဂွေးချိုတောင် ရှင်ပင်မဟာဒက္ခိဏသာခါနန်းဦးဆုတောင်းပြည့် မိုးကောင်း သားဆုပန်မြတ်စွာဘုရားကြီး ဖြစ်ကြောင်း သိရသည်။

“မိုးကောင်းဘုရား ပင့်ဆောင့်ရတဲ့ရည်ရွယ်ချက်ကတော့ မကွေးမြို့အပါအဝင် တိုင်းတစ်တိုင်းလုံး မိုးကောင်း စေဖို့၊ မိုးဖြိုင်ဖြိုင်ရွာပြီး စိုက်ပျိုးသီးနှံတွေ ဖြစ်ထွန်းပြီး ပြည်သူတွေ ရေပေါများစွာသုံးစွဲနိုင်ရေးအတွက် မိုးကောင်း ဘုရားကို ပင့်ဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တာဝန်ထမ်းဆောင်တဲ့ ၃ နှစ်အတွင်း နှစ်စဉ်ပင့်ဆောင်ခဲ့ပါ တယ်။ မိုးကောင်းဘုရားပင့်ဆောင်ခြင်းအားဖြင့် မိုးဖြိုင်ဖြိုင်ရွာတော့မယ်လို့ ယုံကြည်ပါတယ်” ဟု မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

မကွေးမြို့ မြသလွန်ရင်ပြင်တော်ကြီးမှာ (၃)ရက် (၃)ည အပူဇော်ခံသည့်အခါ မကွေးမြို့မှ သံဃာတော်အရှင်မြတ်များက မိုးပရိတ်တော်များ၊ မိုးမန္တန်တော်များ၊ ငါးရံ့မင်းပရိတ်တော်များကို ရွတ်ဖတ်ပူဇော်မည်ဖြစ်ကာ ထိုသို့ ရွတ်ဖတ်ပူဇော်သည့်အတွက် မကွေးမြို့နှင့်တကွ မြန်မာနိုင်ငံတစ်ဝှမ်းလုံး မိုးရွာသွန်းဖြိုးမည်ဟု ရည်ရွယ်၍ ယခုလို မိုးကောင်းဘုရားအား ပင့်ဆောင်ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရွှေဂျိုးတောင်(ခ)ဂွေးချိုတောင် ရှင်ပင်မဟာဒက္ခိဏသာခါနန်းဦးဆုတောင်းပြည့် မိုးကောင်း သားဆုပန် မြတ်စွာဘုရားကြီးသည် မေ ၂၂ရက်နေ့မှ မေ ၂၄ ရက် အထိ မကွေးမြသလွန်ဘုရား ရင်ပြင်တော်တွင် ကိန်းဝပ်စံပ္ပါယ်ပြီး မေ ၂၅ ရက်နေ့ နံနက်တွင် ချောက်မြို့နယ် သို့ ပြန်လည်ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly