တရုတ်ဘီလျံနာထံမှ လာဘ်ယူခဲ့သော ကုလအထွေထွေညီလာခံဥက္ကဋ္ဌဟောင်း တရားစွဲခံရ

တရုတ်ဘီလျံနာထံမှ လာဘ်ယူခဲ့သော ကုလအထွေထွေညီလာခံဥက္ကဋ္ဌဟောင်း တရားစွဲခံရ

နယူးယောက်၊ အောက်တိုဘာ ၇ ။         ။ တရုတ်ဘီလျံနာတစ်ဦးထံမှ လာဘ်ယူမှုဖြင့် ကုလသမဂ္ဂ အထွေအထွေညီလာခံ ဥက္ကဋ္ဌဟောင်းတစ်ဦးကို အမေရိကန်အာဏာပိုင်များက တရားစွဲဆိုလိုက်သည်။

အဆိုပါဥက္ကဋ္ဌဟောင်းဖြစ်သူ ဂျွန်အက်ရှ်သည် ၎င်းအတွက် အကျိုးအမြတ်ရရှိရန် ကုလသမဂ္ဂကို အသုံးချခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းရှင်ကြီး Ng Lap Seng အားအစိုးရကန်ထရိုက်များရရှိစေရန် ကူညီခဲ့သည်ဟု နယူးယောက်အစိုးရရှေ့နေများက ပြောသည်။

မစ္စတာအက်ရှ်သည် လာဘ်ငွေ ဒေါ်လာ ၁ ဒသမ ၃ သန်းယူခဲ့ပြီး ယင်းငွေများဖြင့် ဇိမ်ခံပစ္စည်းများဝယ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။ မစ္စတာအက်ရှ်အပေါ်စွပ်စွဲချက်များ ထွက်ပေါ်လာမှုကြောင့် တုန်လှုပ်စိုးရိမ် မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောသည်။

"ရိုလက်စ်နာရီတွေ၊ ဘတ်စ်ကက်ဘောကွင်းနဲ့ အော်ဒါချုပ်ဝတ်စုံတွေအတွက် ဂျွန်အက်ရှ်ဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ သူဦးဆောင်တဲ့ကုလ အဖွဲ့ကြီးကိုပါ ရောင်းစားပစ်ခဲ့ပါတယ်" ဟုအမေရိကန်ပြည်ထောင်စုရှေ့နေ ပရိဘာရာရာက ပြောသည်။ "လောဘကြောင့် သူတို့ဟာ ကုလအဖွဲ့ကြီးကို အကျိုးအမြတ်ရှာတဲ့ စင်မြင့်တစ်ခုပြောင်းပစ်လိုက်ကြပါတယ်"ဟုလည်း ၎င်းကပြောသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလမှစ၍ တစ်နှစ်ကြာ ညီလာခံဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သော အက်ရှ်သည် မက္ကာအိုတွင်ဆောက်လုပ်ရန် အဆိုပြုထားသည့် ဒေါ်လာဘီလျံများစွာကုန်ကျမည့် ကုလကွန်ဖရင့် စင်တာကို တရုတ်သူဋ္ဌေးကြီး Ng Lap Seng ဆောက်လုပ်ခွင့်ရရှိရေး လာဘ်ယူကာ ထောက်ခံခဲ့သည်ဟု သိရသည်။

နယူးယောက်ရဲတပ်ဖွဲ့သည် အန်တီဂွာနှင့် ဘာဘူဒါနိုင်ငံဆိုင်ရာကုလ သံအမတ်ကြီးဟောင်းလည်းဖြစ်သူ အသက် ၆၁နှစ်အရွယ် မစ္စတာအက်ရှ်ကို နယူးယောက်အပြင်ဘက် ဒေါ့ဘ်စ်ဖယ်ရီရှိ ၎င်း၏နေအိမ် တွင်ဖမ်းဆီးခဲ့ပြီး အခြားသုံးဦးကိုလည်း အောက်တိုဘာ ၆ ရက်အစောပိုင်းက ဖမ်းဆီးခဲ့သည်။

ယင်းကွန်ဖရင့်စင်တာကို ကုလ၏ အရန်လုပ်ငန်းဆောင်ရွက်မှုတစ်ခုအဖြစ် အသုံးပြုရန် ရည်မှန်းထားသည်။ ယင်းစီမံကိန်းကို ၂၀၁၁နှင့် ၂၀၁၄အတွင်းက ဖော်ထုတ်ခဲ့သည်။

မစ္စတာအက်ရှ်သည် အိမ်ခြံမြေလုပ်ငန်းအကောင်အထည်ဖော်သူများ ကြီးမားသည့်ကန်ထရိုက်များရရှိစေရန် အန်တီဂွာနှင့် ကင်ညာတွင် အစိုးရအရာရှိများနှင့် အစည်းအဝေးများပြုလုပ်ခဲ့သည်ဟု မစ္စတာ ဘာရာရာကပြောသည်။ အက်ရှ်သည် ၎င်းလက်ခံခဲ့သော လာဘ်ငွေအပေါ် အခွန်ရှောင်ခဲ့သည်ဟု သိရပြီး နယူးအော်လင်းရှိ တစ်ညလျင် ဒေါ်လာ ၈၅၀ ပေးရသော ဟိုတယ်တစ်ခုတွင် နေရန် သူနှင့် သူ့မိသားစုအတွက် စီးပွားရေးလုပ်ငန်းရှင်များကို ငွေပေးချေစေခဲ့သည်။

မစ္စတာအက်ရှ်ကို အောက်တိုဘာ ၆ ကဖမ်းဆီးခဲ့သည်။ မစ္စတာ Ng အပါအဝင် အခြားသူငါးဦးကိုလည်း ထိန်းသိမ်းထားသည်။

အခြားဖမ်းဆီးခံရသူများတွင် ဒိုမီနီကန်သမ္မတနိုင်ငံမှ သံတမန်တစ်ဦးဖြစ်သူ ဖရန်စစ်လိုရင်ဇိုနှင့် တရုတ်တွင်နေထိုင်ပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားသူနှစ်ဦး လည်းပါဝင်သည်။ ၎င်းတို့ကို ကုလအရာရှိတစ်ဦးကို လာဘ်ထိုးမှု၊ ငွေကြေးခဝါချရန်ကြံစည်မှုများအပါအဝင် ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်။

အမှုကို ဆက်လက်စစ်ဆေးနေပြီး နောက်ထက်ဖမ်းဆီးမှုများ ရှိလာနိုင်သည်ဟု မစ္စတာဘာရာရာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required