တပ်မတော်၏ ဖိအားကြောင့် လက်ထိပ်ခတ်စစ်ဆေးခြင်းဟု ရဲက ပြောခဲ့ကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ပြောဆို

တပ်မတော်၏ ဖိအားကြောင့် လက်ထိပ်ခတ်စစ်ဆေးခြင်းဟု ရဲက ပြောခဲ့ကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင် ပြောဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ မေလ ၂၂ ။        ။ တပ်မတော်ဘက်မှ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ရုံးထုတ်စစ်ဆေးရာတွင် လက်ထိပ်ခတ် ရုံးထုတ်ခြင်းမှာ တပ်မတော်၏ ဖိအားများ ရဲတပ်ဖွဲ့ အပေါ် ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သည်ဟု  တရားစွဲခံနေရသူများက တရားခွင်မှအထွက်တွင် ပြောဆိုခဲ့ကြသည်။

 ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်အပါအဝင် ၅ ဦးကို မေ ၂၂ ရက်၊ ရန်ကုန်၊ မရမ်းကုန်း မြို့နယ်တရားရုံးတွင် ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ယခု ရုံးချိန်းတွင် တရားရုံးအတွင်း၌ ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့တို့အကြား လက်ထိပ်ခတ်ခြင်းနှင့် ပတ်သက်ပြီး အချင်းများမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

 " ဟိုတစ်နေ့က ဗိုလ်တထောင်တရားရုံးမှာ ရုံးထုတ်တဲ့အခါကြတော့ ဗိုလ်တထောင်က ရဲကပြောပါတယ်။ ကျွန်တော်တို့ကို လက်ထိပ်ခတ်၊ မခတ်လို့ မရဘူး။ ခတ်ရမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ရှေ့မှာ၊ ကျွန် တော်တို့ကို လာခေါ်နေတဲ့ထောင်ရှေ့မှာ စစ်တပ်က ဖိအားလာပေးတယ်။ စစ်တပ်က စစ်ကားနဲ့ လာစောင့် နေတယ်ပေါ့။ အဲ့ဒီတော့ ကျွန်တော်တို့ကို လက်ထိပ်ခတ်မှ ရမယ်ဆိုပြီးတော့ ပြောတယ်။ အခုချိန်မှာ ကျွန်တော် ပြောချင်တာက ရဲကလည်း ကြားညှပ်ခံဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဦးတည်ချက် မပျောက်ပါဘူး။ ဒီဟာက စစ်ဗိုလ်ချုပ်တွေကို ICC တင်ဖို့ကိစ္စ အရမ်းအရေးကြီးပါတယ် "ဟု ဖမ်းဆီးခံထားရသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုပိုင်ရဲသူက တရားခွင်မှ အထွက်တွင် ပြောသည်။

 ထိုသို့ တရားခွင်မှအထွက်တွင် ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့ဝင် မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ ပြောဆိုခဲ့ခြင်း တော့ မရှိခဲ့ပေ။

 စွပ်စွဲခံရသူများကို လက်ထိပ်ခတ်ခြင်းနှင့် ပတ်သက်၍ ရာဇဝတ်ကျင့်ထုံး- ၄၆၊ အပိုဒ်ခွဲ ၁ တွင် စွပ်စွဲခံရသူများ ဘက်မှ အသာတကြည်အဖမ်းခံပါက အတင်းအကျပ်လုပ်ပိုင်ခွင့်မရှိကြောင်း၊ ရဲလက်စွဲ- ၁,၃,၈,၂ အပိုဒ်ခွဲ ၅ တွင် စွပ်စွဲခံရသူက အသာတကြည် အဖမ်းခံမည်၊ ငြိမ်သက်စွာ ရုံးထုတ်လာမည်ဆိုပါက လက်ထိပ်ခတ်ခွင့် မရှိဟု ပြဋ္ဌာန်းထားကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်အချို့ဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးအောင်စည်ထွန်းက ပြောသည်။

 " ဒီနေ့လည်း လက်ထိပ်ခတ်ပြီးတော့ ရုံးကိုခေါ်လာတယ်။ ကျွန်တော်တို့ ဥပဒေတွေနဲ့ ထောက်ပြလိုက်တဲ့ အချိန်မှာ ပြေလည်မှုရသွားပါတယ် "ဟု အထက်တန်းရှေ့နေ ဦးအောင်စည်ထွန်းက ပြောသည်။

 ထိုသို့ လုပ်ဆောင်မှုများမှာ ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်မှုမရှိသည်ကို တွေ့ရကြောင်း ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်အချို့ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောသည်။

 " ဥပဒေချိုးဖောက်တယ်ဆိုတာထက် ဥပဒေနဲ့ အညီဆောင်ရွက်တာ မရှိဘူးပေါ့နော်။ ချိုးဖောက်တယ်လို့တော့ ဆရာမတို့ မဆိုလိုဘူး။ သို့သော်လည်းပဲ ရဲလက်စွဲဆိုတာက ရဲဝန်ထမ်းတွေ၊ ရဲအရာရှိတွေ တရားရုံးထုတ်တဲ့ နေရာမှာ လိုက်နာကျင့်သုံးရမယ့် ဥပဒေ။ ဒါက အရပ်သားနဲ့လည်း မဆိုင်ဘူး။ တရားရုံးနဲ့လည်း မဆိုင်ဘူး။ ရဲနဲ့ပဲ ဆိုင်တာ။ အဲ့ဒီလိုက်နာရမယ့် ဥပဒေကို သူတို့ မလိုက်နာဘဲနဲ့ လက်ထိပ်ခတ်လာတယ်။ အဲ့ဒါကို ဆရာက ထောက်ပြလိုက်တာပေါ့နော် "ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်ကပြောသည်။

 ဒေါင်းတို့မျိုးဆက်အဖွဲ့ဝင်များကို မေ ၂၀ ရက်နေ့၊ ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ရာတွင်လည်း ဝန်းရံသူများ၊ မိသားစုများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အချင်းများမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ထောင်ထဲတွင် လည်း အချင်းများမှုများဖြစ်ခဲ့ကြောင်း၊ မေ ၂၂ ရက်နေ့တွင်လည်း ရဲတပ်ဖွဲ့ လက်ထိပ်များခတ်ကာ ၎င်းတို့ကို အတင်းအကျပ်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံထားရသော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

 " ဒီပြဿနာတွေက ဘာကြောင့်ဖြစ်တာလည်းဆိုတော့ ပြီးခဲ့တဲ့ ဗိုလ်တထောင်ရုံးချိန်းမှာ ဗိုလ်တထောင်ရုံးက ရဲတွေ ကိုယ်တိုင်ပြောသွားတာ။ စစ်တပ်က ဒီလိုမျိုးတွေ လုပ်ဖို့အတွက်ကို ဖိအားတွေ လာပေးနေတယ်ဆိုတာ သူတို့ကိုယ်တိုင် ပါးစပ်က ပြောသွားတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ထောင်ထဲက နေထိုင်မှုအပြင် ဒီလို တရားရုံးထုတ်တွေမှာပါ စစ်တပ်က လိုက်ပြီး ဖိအားပေးနေတာဟာ ဒါ တကယ်ကို ကျွန်တော်တို့အပေါ်ကို ဘယ်လောက်ထိ အညှိုးအတေးရှိနေတယ်ဆိုတာ ပေါ်လွင်တယ်လို့ မြင်တယ်"ဟု ကိုဇေယျာလွင်က ပြောသည်။

 အဆိုပါ လက်ထိပ်ခတ်မှုအပေါ် တပ်မတော်အနေဖြင့် ရဲတပ်ဖွဲ့အပေါ် ဖိအားပေးထားမှု ရှိ၊ မရှိနှင့် ပတ်သက်ပြီး မီဒီယာများက တရားရုံးချိန်းပြီးသည့်အချိန်မှစကာ တရားလိုဖြစ်သူ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးသန်းထွန်းမြင့်ကို  တရားရုံးပြင်ပရှေ့တွင်စောင့်ဆိုင်းခဲ့ပြီး ညနေ ၅ နာရီခန့်အချိန်တွင် တရားရုံး အတွင်းမှ ထွက်လာသဖြင့် လိုက်လံမေးမြန်းခဲ့ရာတွင် " မရှိပါဘူး။ ဘာမှ ပြောစရာ" ဟုသာ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က ပြန်လည်ဖြေဆိုခဲ့သည်။

 မေ ၂၂ ရက်နေ့ ရုံးချိန်းတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်ဆိုသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ သင်္ကြန်ကာလအတွင်း ဖျော်ဖြေတင်ဆက်ခဲ့သော  စီဒီချပ်များကို တရားရုံးအတွင်း ဖွင့်လှစ် စစ်ဆေးခဲ့ပြီး ယင်းအမှုကို ဆက်လက်စစ်ဆေးရန်အတွက် တရားရုံးမှ မေ ၂၉ ရက်နေ့ကို ပြန်လည် ချိန်းဆိုလိုက်သည်။

 ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ကိုပိုင်ရဲသူ၊ ကိုဇေယျာလွင်၊ မကေခိုင်ထွန်း၊ ဒီရေ(ခ) ကိုပိုင်ဖြိုးမင်းနှင့် ဖိုးသား (ခ) ကိုဇော်လင်းထွန်းတို့ ၅ ဦးကို သံချပ်ထိုးဖျော်ဖြေခဲ့သော စာသားများတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ တပ်မတော်ဘက်မှ  ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က) ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးသို့တွင် ဦးတိုက်လျှောက်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အထက်ပါသတင်းနှင့် ပတ်သက်ပြီး ဗိုလ်တစ်ထောင်ရဲစခန်းသို့ မဇ္ဈိမ မှ ဆက်သွယ်ခဲ့ရာ မေ ၂၂ ရက် ည ၈ နာရီခန့်တွင် တာဝန်ကျရဲအရာရှိတစ်ဦးက ပြန်လည်အကြောင်းပြန်မည်ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly