ကွင်းအတွင်း ပွဲကြီးကြပ်နေရင်း လဲကျသေဆုံးခဲ့တဲ့ ဘိုလီဗီးယား ဒိုင်လူကြီးကြောင့် အမြင့်မှာ ကစားရခြင်းအတွက် ငြင်းခုံမှုဖြစ်ပွား

ကွင်းအတွင်း ပွဲကြီးကြပ်နေရင်း လဲကျသေဆုံးခဲ့တဲ့ ဘိုလီဗီးယား ဒိုင်လူကြီးကြောင့် အမြင့်မှာ ကစားရခြင်းအတွက် ငြင်းခုံမှုဖြစ်ပွား
Photos: AFP

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၄,၀၀၀) ကျော် အမြင့်မှာ ကစားခဲ့တဲ့ပွဲစဉ်တစ်ခုကို ကြီးကြပ်ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတစ်ဦးရဲ့ သေဆုံးမှုဟာ အမြင့်မှာ ကစားရတဲ့ ဘောလုံးပွဲတွေရဲ့ ဘေးကင်းမှု ရှိ၊ မရှိဆိုတဲ့ အကြောင်းအရာက ငြင်းခုန်မှုဖြစ်စေခဲ့ပါတယ်။

ပင်လယ်ရေမျက်နှာပြင်ရဲ့ အထက်မြင့်မားတဲ့ နေရာမှာ အောက်စီဂျီမလုံလောက်ဖြစ်မှုက ဘောလုံးကစားခြင်းကို ပိုပြီး ခက်ခဲစေပါတယ်။ ဒါ့ကြောင့် ဒီလို မြင့်မားတဲ့ အမြင့်နေရာမျိုးမှာ ပွဲတွေကို ကစားသင့်ရဲ့လားဆိုတာ ဒီဒိုင်လူကြီးရဲ့ နှလုံးဖောက်မှုကနေ ဆွေးနွေးငြင်းခုံမှုတွေ ပြန်လည်ဖြစ်စေပါတယ်။

ပင်လယ်ရေမျက်နှက်ပြင်အထက် မီတာ(၄၀,၉၀) မြင့်တဲ့ အယ်လ် အာလ်တို(EL Alto) ကွင်းမှာ ဘိုလီးဗီးယား ပထမတန်းဘောလုံးပြိုင်ပွဲ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အိမ်ရှင် Always Ready နဲ့ အော်ရန်တေး ပတ်ဒရိုလီယိုအသင်းတို့ရဲ့ ပွဲစဉ်ကို ဗစ်တာဟူဂို ဟာတာဒိုက ကြီးကြပ်နေစဉ် ပွဲချိန် (၄၇)မိနစ်အရောက်မှာ သူဟာ ကွင်းတွင်း လဲကျသွားခဲ့ပါတယ်။

ဗစ်တာဟူဂို ဟာတာဒိုဟာ နှလုံးဖောက်ပြီး ကွင်းထဲနောက်ပြန် လဲကျသွားချိန်မှာ ပြန်မထလာနိုင်တော့လို့ ဆေးရုံတင်ခဲ့ပေမယ့် အသက်မမှီတော့ဘူးလို့ သိရပါတယ်။ သူဟာ သေဆုံးချိန်မှာ (၃၂)နှစ်သာ ရှိပါသေးတယ်။

ဟာတာဒို တစ်ယောက်ကွင်းထဲ လဲကျသွားချိန်မှာလည်း အသင်းဆရာဝန်တွေ ပြေးဆင်းလာပြီး အရေးပေါ်ကုသပေးခဲ့ကြသလို လဲကျချိန်မှာလည်း ကစားသမားတွေက ချက်ခြင်း ပြေးပွေ့ပြီး အရေးပေါ် ကူညီမှုတွေကို ပြုလုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

အယ်လ် အာလ်တိုမြူနီစပယ်ကွင်းဟာ ကမ္ဘာ့အမြင့်ဆုံးကွင်းတစ်ခုဖြစ်ပြီး Always Ready အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်ပါတယ်။

အယ်လ် အာလ်တိုကွင်းဟာ မြို့တော် လာပတ်ဇ် (La Paz)အနီးမှာရှိတဲ့ ပင်လယ်ရေမျက်နှင်ပြင်အထက် မီတာ (၃,၆၆၀) မြင့်တဲ့ အယ်လ် ဟာနန်ဒို ဆိုင်ရယ်စ်ကွင်းထက် မီတာ (၄၀၀) ပိုမြင့်ပါတယ်။ ဟာနန်ဒို ဆိုင်ရယ်စ်ကွင်းကိုတော့ ဘိုလီးဗီးယားလက်ရွေးစင်အသင်းက အသုံးပြုပါတယ်။

Always Ready အသင်းရဲ့ အသင်းဆရာဝန် အဲရစ် ကိုဇီနာက ဟာတာဒိုရဲ့ သေဆုံးမှုမှာ ပင်လယ်ရေမျက်နှာပြင် အမြင့်မှာ ကစားခဲ့ရတဲ့ အကြောင်းအရင်းထဲ မပါဘူးလို့ အခိုင်အမာဆိုပါတယ်။

"အဆုတ်အမောဖောက်ခဲ့တာမျိုး မရှိပါဘူး။ Heart attack ကြောင့် သေဆုံးသွားတာပါ။"လို့ ကိုဇီနာက အလောင်းခွဲစိတ်ပြီးနောက် တွေ့ရှိချက်ကို ပြောပါတယ်။

ဘိုလီးဗီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဆီဆာ ဆလီနက်စ်ကလည်း "ကျနော်တို့ကို မလိုလားတဲ့ အတွင်းနဲ့ အပြင်က လူတွေက ဒီမတော်တဆဖြစ်မှုကို အသုံးချဖို့ ကြိုးစားနေပါတယ်။"လို့ Diez.com ဝက်ဘ်ဆိုက်ကို ပြောပါတယ်။

အမြင့်မှာ ဘောလုံးကစားတာဟာ "ဘာထိခိုက်မှုမှ မရှိဘူး"ဆိုတာ ယခင်က စမ်းသပ်ချက်တွေက "သက်သေပြခဲ့ပြီး"ပါပြီလို့ သူက အခိုင်အမာပြောဆိုခဲ့ပါတယ်။

ဟာတာဒိုရဲ့ အကိုဝမ်းကွဲထဲက တစ်ဦးဖြစ်သူ အော်လန်ဒို ဟာရဲရားက ဒိုင်လူကြီးဟာ အရင်က အယ်လ် အာလ်တိုမြို့မှာ နေထိုင်ခဲ့ဖူးလို့ အမြင့်ကို ကျင့်သားရခဲ့ပြီးဖြစ်တယ်လို့ ဒေသခံမီဒီယာတစ်ခုကို ပြောခဲ့ပါတယ်။

ဘိုလီးဗီးယားရဲ့ ဒိုင်ကော်မရှင်ဥက္ကဋ္ဌ ပီဒို ဆာဆီဒိုက ဟာတာဒိုဟာ ပွဲစဉ်ဒုတိယပိုင်းအတွင်းမှာ "နွမ်းနယ်ပင်ပန်းတဲ့ လက္ခဏာမျိုး ပြသရှိမရှိခဲ့ပါဘူး။ ဘာသံသယမှ ဖြစ်စရာမရှိဘူး။"လို့ လော့စ် တီယန်ပိုစ် (Los Tiempos) သတင်းစာကို ပြောဆိုခဲ့ပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က တောင်အမေရိကမှာ ဘိုလီးဗီးယားရဲ့ ပြိုင်ဘက်အသင်းအချို့ဟာ တိုက်ကြားခဲ့ပြီးနောက် ပင်လယ်ရေမျက်နှာပြင် အမြင့် (၂,၅၀၀)အထက်မှာ ကစားရမယ့် ပွဲစဉ်အားလုံးကို ပိတ်ပင်ခဲ့ပါတယ်။

ဘရာဇီးလ်စူပါစတား နေမာကလည်း ၂၀၁၇ ခုနှစ်က ဘိုလီးဗီးယားနဲ့ ပွဲစဉ်မတိုင်မီ သူနဲ့ အသင်းဖော်တွေဟာ  အောက်စီဂျင် မျက်နှာဖုံးတွေ တပ်ခဲ့ရပြီး “ဒီလို အခြေအနေမျိုးမှာ ကစားဖို့က လူသားမဆန်ဘူး”လို့ အင်စတာဂရမ်မှာ ပုံတင်ပြီး ရေးသားခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဘိုလီးဗီးယားအသင်းဟာ အဝေးကွင်း ပွဲစဉ်တိုင်းကို ရှုံးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ ဘောလုံးအင်အားကြီး အာဂျင်တီးနားကိုပင် (၂-၀)ဂိုး နိုင်ပြီး အိမ်ကွင်း (၉)ပွဲမှာ (၄)ပွဲနိုင်၊ (၂)ပွဲ သရေအထိ ကစားနိုင်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly