မြိတ်တွင် ပုံစံ (၇) မရှိသော တောင်သူများကို ပုဂ္ဂလိကဆန်စက်မှ ကျပ်သိန်း ၅၀၀ ကျော် အတိုးမဲ့ထုတ်ချေး

မြိတ်တွင် ပုံစံ (၇) မရှိသော တောင်သူများကို ပုဂ္ဂလိကဆန်စက်မှ ကျပ်သိန်း ၅၀၀ ကျော် အတိုးမဲ့ထုတ်ချေး
ဓာတ်ပုံ -  ဒီမိုးသွေး (မြိတ်)

မြိတ်၊ မေ (၂၂)  ။          ။ မြိတ်မြို့၊ ကျောက်ဖျာမြို့သစ် စီမံကိန်း ဧရိယာအတွင်းရှိ လယ်ယာမြေ ဧက ၄၀၀ နီးပါးထဲမှ တောင်သူ ၅၀ ကျော်ကို မိုးစပါးစိုက်ပျိုးရန် ပုဂ္ဂလိကဆန်စက်ရုံတစ်ခုမှ ချေးငွေ ကျပ်သိန်း ၅၀၀ ကျော်ကို မေလ ၂၁ ရက်နေ့က အတိုးမဲ့ထုတ်ချေး ပေးလိုက်ကြောင်း သိရသည်။

မေလ ၂၁ ရက်နေ့တွင် Ok ရတနာ အဆင့်မြင့်ဆန်စက်မိသားစုမှ မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ကျောက်ဖျာကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ပုံစံ (၇) မရှိသည့် လယ်ယာမြေ ၃၈၂ ဧကတွင် စိုက်ပျိုးလုပ်ကိုင် နေသောတောင်သူ ၄၉ ဦးကို တစ်ဧကလျှင် ကျပ် ၁ သိန်းခွဲနှုန်းဖြင့် ကျပ်သိန်း (၅၂၀၅၀၀၀၀) ကို အတိုးမဲ့ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။
“ကျွန်တော်တို့ လယ်ယာမြေတွေက အစိုးရက သိမ်းဆည်း ထားတော့ ပုံစံ (၇) မရှိတာကြောင့် အစိုးရဆီမှာ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူလို့ မရဘူး။ အခု ပုဂ္ဂလိက ဆန်စက်တစ်ခုက တောင်သူတွေကို လယ်ယာမြေ တွေကို ဒီအတိုင်း ပစ်ထားမယ့်အစား ပြန်လည်လုပ်စားနိုင်အောင် ဆိုပြီး၊ အတိုးမဲ့ ချေးငွေ ထုတ်ပေးတာ ဖြစ်တယ်။ ဒီလိုမျိုး အတိုးမယူပဲ ထုတ်ချေးပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ်”ဟု မြို့သစ်စီမံကိန်းအတွင််း လယ်မြေသိမ်းဆည်းခံရသည့် ကဘင်းကျေးရွာမှ တောင်သူ ဦးမောင်မြင့်က ပြောသည်။

အဆိုပါ လယ်ယာမြေများကို အစိုးရမှသိမ်းဆည်းခဲ့သည်မှာ ၁၀ နှစ်ကျော် ရှိနေသော်လည်း ၄င်း မြေယာ ဧရိယာပေါ်တွင် လက်ရှိအချိန်အထိ မည်သည့် စီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း မရှိသေးကြောင်း သိရသည်။

 “ကျောက်ဖျာ ကျေးရွာအုပ်စု မြို့သစ်စီမံကိန်းထဲမှာ ပါဝင်နေတဲ့ တောင်သူတွေကို ထုတ်ချေး ပေးတာ ဖြစ်ပါတယ်။ ဒီတောင်သူတွေက ပုံစံ (၇) လည်းမရှိတော့ အစိုးရဆီမှာ အမတော်ငွေ မရလို့ အခက်အခဲ ဖြစ်နေလို့ ကျွန်တော်က တောင်သူတွေရဲ့ ဘဝကို လူသားခြင်း စာနာတဲ့ စိတ်နဲ့ အတိုးမဲ့ ထုတ်ချေး ပေးတာ ဖြစ်တယ်”လို့  OK ရတနာ အဆင့်မြင့် ဆန်စက်ရုံမှ ပိုင်ရှင် ဦးမောင်ထွေးက ပြောသည်။

ထိုသို့ မိုးစပါးအတွက် စိုက်ပျိုး စရိတ်ချေးငွေများကို ထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ လုပ်ထုံးလုပ်နည်း အတိုင်း ထုတ်ချေးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အစိုးရက မြို့သစ် စီမံကိန်း လုပ််မယ်လို့ သိမ်းခဲ့တာပါ။ အခု အချိန်အထိ အဲ့ဒီ မြောယာပေါ်မှာ ဘာမှ အကောင်အထည် ဖော်ထားခြင်း မရှိဘူး။ ပုံစံ (၇) မရှိတော့ အစိုးရမှာ စိုက်ပျိုးစရိတ် ချေးငွေလည်း ထုတ် မရဘူး။ အခက်အခဲတွေ ဖြစ်နေတဲ့ အထဲကမှ အခု ဆန်စက်ရုံက အတိုးမဲ့ ချေးငွေ ထုတ်ပေးတော့ မိုးစပါး စိုက်ပျိုးဖို့ အဆင်ပြေ သွားပါတယ်”လို့ ကဘင်းကျေးရွာမှ တောင်သူ ဒေါ်တင်ဌေးက ပြောသည်။

ချေးငွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် အရင်းအတိုင်း ပြန်လည် ပေးသွင်းရမည်ဟု သိရပြီး တောင်သူများ က အစိုးရ၏ အတိုးနှုန်းအတိုင်း အချင်းချင်း သတ်မှတ်၍ ရရှိလာမည့် အတိုးကို ရပ်ရွာဖွံ့ဖြိုးရေး ရန်ပုံငွေ အတွက် ပြန်လည် အသုံးပြုသွားမည်ဟု သိရ သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly