သံတမန်အိမ်ရာအနီး လူသတ်၊ အဓမ္မကျင့်မှု နှစ်ဦးကို ဖမ်းမိ

သံတမန်အိမ်ရာအနီး လူသတ်၊ အဓမ္မကျင့်မှု နှစ်ဦးကို ဖမ်းမိ

နေပြည်တော်၊ အောက်တိုဘာ ၇ ။ ။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ သံတမန်အိမ်ရာအနီးတွင် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် လူသတ်မှု နှင့် အဓမ္မမှု ကျူးလွန်သူ နှစ်ဦးကို အောက်တိုဘာ ၆ရက် ညနေက ဖမ်းဆီးမိခဲ့သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန (MOI)က သတင်းထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူဟုဆိုသူ နှစ်ဦးသည် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၀ အရွယ် အောင်တင်မျိုး (ခေါ်)အောင်ပိုင် နှင့် အသက် ၁၉ နှစ်အရွယ် ကျော်မောင် (ခေါ်) ဇော်ဇော်အောင်တို့ နှစ်ဦးဖြစ်ပြီး အောက်တိုဘာ ၆ရက် ညနေ ၇နာရီကျော်က ဖမ်းမိခဲ့သည်။ ဖမ်းမိရာတွင် အရိုးအသွား (၈)လက်မခွဲခန့်ရှိ ဓားမြှောင်တစ်ချေားနှင့်အတူ ဖမ်းမိခဲ့သည်။

၎င်းတို့ နှစ်ဦးကို စစ်ဆေးရာတွင် စက်တင်ဘာ ၃၀ရက်က ၎င်းတို့ နှစ်ဦးနှင့်အတူ အသက် ၂၂နှစ်အရွယ် ဇော်လေး နှင့် အသက် ၁၆နှစ်အရွယ် မောင်မျိုး (ခေါ်) မျိုးဇော်ဝင်းနှင့်အတူ ဇမ္ဗူသီရိမြို့နယ် အဆင့်မြင့်ဈေးမီးပွိုင့်အနီး လမ်းဘေး၌ ရပ်နေသော ဆိုင်ကယ်တစ်စီးနှင့် စုံတွဲနှစ်ဦးကို တွေ့ရှိသဖြင့် ခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့၏ ဆိုင်ကယ်နှစ်စီးဖြင့် ညှပ်၍ Junction Center အနောက်ဘက် သို့ ခေါ်ဆောင်မောင်းနှင်စေ ခဲ့ကြောင်း၊ သံတမန်ဇုန် (B)လမ်းသို့အရောက်တွင် ဆိုင်ကယ်အား ရပ်တန့်စေကာ ကိုချစ်နိုင်ဦးအား အသင့်ယူ ဆောင်လာသော ဓားနှင့်ထိုးခဲ့ပြီး ၎င်းနှင့်အတူပါလာသည့် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ပြီး ပြစ်မှုကျူးလွန်စဉ် အသုံးပြုသည့်ဓားအား Royal Golf Club အရှေ့ မြောက်ဘက် ဆည်အနီးရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့သည်ဟု ထွက်ဆိုကြောင်း MOIက ထုတ်ပြန်ထားသည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူရန် ဆောင်ရွက်နေပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ဇော်လေး နှင့် မောင်မျိုး (ခေါ်) မျိုးဇော်ဝင်းတို့ကိုလည်း ဖမ်းဆီးရမိရန် ဆောင်ရွက်နေသည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အဓမ္မကျင့်ခံရသည့်အမျိုးသမီးက (ပ)အမှတ် ၉၈/၂၀၁၅၊  ပြစ်မှုပုဒ်မ ၃၀၂၊ ၃၇၆ တို့ဖြင့် ဒက္ခိဏမြို့မရဲစခန်းတွင် စက်တင်ဘာ ၃၀ရက်က အမှုဖွင့်ထားခြင်းဖြစ်သည်။

ဆက်စပ်သတင်း - http://mizzimaburmese.com/article/5406

 

မဇ္ဈိမရဲ့ SMS သတင်းတွေကို အခုပဲ ရယူလိုက်ကြရအောင်
Posted by Mizzima - News in Burmese on Sunday, September 6, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required