ဆေးဖြစ်ဝါးဖြစ် အရက်သောက်လည်း သွေးတိုးအန္တရာယ်ပိုများစေနိုင်တယ်

ဆေးဖြစ်ဝါးဖြစ် အရက်သောက်လည်း သွေးတိုးအန္တရာယ်ပိုများစေနိုင်တယ်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon

    

ဆေးဖြစ်ဝါးဖြစ်ပဲဆိုဆို တစ်ခွက်တစ်ဖလားပဲဆိုဆို အရက်သောက်တာက သောက်တာပါပဲ။ ဘီယာက အရက်မဟုတ်ဘူးလို့တော့ ကပ်မငြင်းကြပါနဲ့ဦး။ ဝီစကီ၊ ဘီယာ၊ ဗော့ကာ၊ ဝိုင် စတာတွေအားလုံး အယ်လ်ကိုဟော ချင်းတူတူပါပဲ။
ဆေးဖြစ်ဝါးဖြစ်သောက်ရင် နှလုံးကျန်းမာတယ်၊ သွေးလည်ပတ်မှုကောင်းတယ်ဆိုပြီး ယူဆကြပေမယ့် သုတေသနအသစ်မှာတော့ ဒီပမာဏလောက်နဲ့တင် သွေးတိုးဖြစ်နိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ ဖော်ပြလာပါတယ်။

ဒီသုတေသနကို American College of Cardiology ရဲ့ ၆၈ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။ သုတေသနမှ ပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၇၀၅၉ ဦးကို သောက်တတ်တဲ့အလေ့အထနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ခဲ့ပါတယ်။

သူတို့ရဲ့သွေးပေါင်ချိန်ကို သုတေသနအဖွဲ့က လေ့လာစောင့်ကြည့်တဲ့အခါ တစ်ပတ်ကို အယ်လ်ကိုဟော ၇ ခွက်ကနေ ၁၃ ခွက်သောက်တတ်တဲ့ ၁၇၀၀၀ ဦး မှာ သွေးတိုးဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရှိရပါတယ်။

တစ်ပတ်ကို ၁၄ ခွက်နဲ့အထက် သောက်တတ်သူတွေကတော့ အရက်မသောက်သူတွေထက် သွေးတိုးဖြစ်နိုင်ခြေ ၆၉ ရာခိုင်နှုန်းပိုများတယ်လို့ တွေ့ရပါတယ်။ သူတို့တွေရဲ့သွေးပေါင်ချိန်ကိုစစ်ဆေးတဲ့အခါ သွေးတိုးအစောပိုင်းအဆင့် ဖြစ်တဲ့ အပေါ်သွေး 130–139 mm Hg  နဲ့ အောက်သွေး 80–89 mm Hg တို့မှာရှိနေတာတွေ့ရတာဖြစ်ပါတယ်။

ဒီရလဒ်တွေက အမျိုးသားနဲ့အမျိုးသမီး အတူတူပဲဖြစ်နေတာ တွေ့ရပြီး သုတေသီတွေအနေနဲ့ အသက်အရွယ်၊ လူမျိုးနဲ့ ဝင်ငွေ စတဲ့ သွေးတိုးဖြစ်စေနိ်ုင်တဲ့ တခြားအန္တရာယ်အချက်တွေကိုလည်း ထည့်တွက်ခဲ့ကြပါတယ်။

အမေရိကန်ကျန်းမာရေးအကြံပြုချက်တွေအရ ဆေးဖြစ်ဝါးဖြစ်သောက်တဲ့ပမာဏဟာ အမျိုးသမီးတွေအတွက် တစ်နေ့တစ်ခွက်အထိ ဖြစ်ပြီး အမျိုးသားတွေအတွက်က တစ်နေ့နှစ်ခွက်အထိ သတ်မှတ်ပေးထားပါတယ်။

အခုလေ့လာမှုမှာ ပါဝင်သူ ၁၇၀၀၀ ကျော်အနက် ဆေးဖြစ်ဝါးဖြစ်သောက်တဲ့သူ ၅၃ ရာခိုင်နှုန်းက သွေးတိုးအစောပိုင်းအဆင့် ၂ ကိုရောက်ဖို့ ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ သိရပါတယ်။

အရင်တည်းက မှတ်ယူထားကြတာက ဆေးဖြစ်ဝါးဖြစ်လောက်သောက်ရင် ကျန်းမာရေးအတွက်ကောင်းတယ်၊ များများသောက်မှ ကျန်းမာရေးထိမယ်လို့ပေါ့။ ဒါပေမယ့် ဒီသုတေသနအရ အနည်းအကျဉ်းသောက်လည်း ရေရှည်ဆို သွေးတိုးအန္တရာယ်စိုးရိမ်ရတယ်လို့ တွေ့ရှိခဲ့တာပါ။

သွေးတိုးရောဂါဟာ နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်း တို့ရဲ့အဓိကတရားခံဖြစ်နေတော့ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်သင့်တဲ့အန္တရာယ်ဖြစ်ပါတယ်။ နယူးယောက်စီးတီးရှိ Lenox Hill Hospital မှ ဒေါက်တာ Dr. Sunny Intwala ကတော့ အရက်သောက်တယ်ဆိုတာ အဆီတွေကိုမြင့်စေနိုင်တာကြောင့် သွေးတိုး၊ နှလုံးပျက်စီးခြင်း၊ လေဖြတ်ခြင်းနဲ့ အဝလွန်ခြင်းတို့ကိုဖြစ်လာစေနိုင်တယ်လို့ တခြားသီအိုရီတစ်ခုကို ပြောပြပါတယ်။

ဒီလေ့လာမှုဟာ အမေရိကန်ကျန်းမာရေးနဲ့အာဟာရဆန်းစစ်မှု စစ်တမ်းအရ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း သုတေသနအချက်အလက်တွေကို အခြေခံတာပါ။

“ ဒီသုတေသနက ကြီးတဲ့အပြင် လူမျိုးနဲ့လိင်ကွဲပြားမှုအရရော လူအမျိုးစုံပါဝင်ပါတယ်။ အကြံပြုချင်တာက နည်းနည်းပဲသောက်သောက်၊ များများပဲသောက်သောက် သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး တတ်နိုင်သလောက်သွေးတိုးကာကွယ်ကြဖို့ ပါပဲ။” လို့ ဦးဆောင်သုတေသီ Aladin ကပြောပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly