မဟာမိတ်တောင်သူလယ်သမားပါတီ၏ မူဝါဒ သဘောထား

မဟာမိတ်တောင်သူလယ်သမားပါတီ၏ မူဝါဒ သဘောထား

နေပြည်တော် အောက်တိုဘာ ၅ ။       ။ မဟာမိတ်တောင်သူလယ်သမားပါတတီဗဟိုကော်မတီဥက္ကဋ္ဌ ဦးဆန်းလင်းက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်စဉ်စသည်တို့ကို အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။အဆိုပါဟောပြောတင်ပြချက် အပြည့်စုံမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား ကိုယ်စိတ် နှစ်ဖြာ ကျန်းမာလန်းဖြာကြပါစေလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။

ကျွန်တော်ကတော့ မဟာမိတ်တောင်သူလယ်သမားပါတီဗဟိုကော်မတီဥက္ကဋ္ဌ ဦးဆန်းလင်းဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးကို စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး ထူထောင်ရာတွင် အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် မဟာမိတ်တောင်သူလယ်သမားပါတီကြီးကို ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ပါတီမှတ်ပုံတင်အမှတ် -၉၂ ဖြင့် ပါတီတည်ထောင်ခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား -

မဟာမိတ်တောင်သူလယ်သမားပါတီ၏ မူဝါဒ၊ သဘောထားများကို တင်ပြရပါလျှင်-

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည်ပြည်သူလူထု၏ ဒီမိုကရေစီစနစ်ကိုအခြေခံပြီး ထူထောင်မှုအပေါ် အလေးထားရပ်တည်ပါမည်။

( ခ ) သဘောထားကလွဲမှု၊ သာတူညီမျှမရှိမှု၊ လူမှုအခွင့်အရေးဆုံးရှုံးမှု စသည့် အမျိုးမျိုးသော စိန်ခေါ်မှုပြဿနာများကို တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရယူနိုင်မည်ကို အလေးအနက် ထားဆောင်ရွက်ပါမည်။

( ဂ ) နိုင်ငံသားအားလုံး၏ ရသင့်ရထိုက်သော အခွင့်အရေးများတန်းတူရရှိရေးအတွက် ဥပဒေနှင့်ညီညွတ်သော လိုလားချက်များအတိုင်း ဖော်ဆောင်ပေးပါမည်။

(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဥပေဒေဘောင်အတွင်းမှ ရပ်တည်ဆောင်ရွက်သွားပါမည်။

( င ) ပါတီစုံဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတွင် အစိုးရ အဖွဲ့အစည်းများ၊ အခြားသော နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် စည်းလုံးညီညွတ်မှုကို အခြေခံကာ လက်တွဲဆောင်ရွက်သွားပါမည်။

( စ ) နိုင်ငံသားများ၏ လူမှုအခွင့်အရေးနစ်နာဆုံးရှုံးမှုများကို ဥပဒေနှင့် အညီ ကူညီဆောင်ရွက်သွားပါမည်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား -

မဟာမိတ်တောင်သူလယ်သမားပါတီသည် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ အခြေခံလူတန်းစားများ၏ အကျိုးစီးပွားအတွက်အောက်ဖော်ပြပါ လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါတယ် -

(က) နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော လယ်ယာမြေဥပဒေပါ အခွင့်အရေးများကို တောင်သူလယ်သမားများအား ပြည့်ပြည့်၀၀ကူညီဆောင်ရွက်ပေးရေး၊

( ခ ) လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေးတွင် လိုအပ်သည့်နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိ သည်တို့ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊

( ဂ ) နိုင်ငံတော်က ဖွဲ့စည်းပေးထားသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မြေယာအသုံးချမှု ကော်မတီအစရှိသည့် မြေယာနှင့်ပတ်သက်သော အဖွဲ့အစည်းများတွင် တောင်သူလယ်သမားအဖွဲ့အစည်းများမှ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်ဆောင်ရွက် ရေး၊

(ဃ) မြေယာမှုခင်းများ ဖြေရှင်းဆောင်ရွက်ရာတွင် အမှုသည်များကိုယ်စား တတ်သိနားလည်သော ကိုယ်စားလှယ်များ၊ အကျိုးဆောင်များဖြင့် ဖြေရှင်းဆောင်ရွက်ခွင့်ရရှိရေး၊

( င ) နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်းဥပဒေနှင့်အညီ တိကျစွာကျင့်သုံးလိုက်နာဆောင်ရွက်စေရေး၊

( စ ) အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲလာသော အခြေအနေများအပေါ်အခြေပြု၍ လယ်ယာမြေဥပဒေတွင် ဖြည့်စွက်ပြဋ္ဌာန်းဆောင်ရွက်ရေး၊

(ဆ) ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အခြားသော နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လူမှုအသင်းအဖွဲ့များ အစရှိသည့်တို့နှင့် မဟာမိတ်ပြုလက်တွဲဆောင်ရွက်ရေး၊

( ဇ ) တောင်သူလယ်သမားများ အသိပညာတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးရေး၊

( ဈ ) တောင်သူလယ်သမားများ အသိပညာတိုးတက်ရေးအတွက်သင်တန်းများဖွင့်လှစ်ခြင်း၊ ပညာပေးစာစောင်များ၊ ဂျာနယ်များ ထုတ်ဝေခြင်း၊ စည်းရုံးဟောပြောခြင်းများ ဆောင်ရွက်ပေးရေး၊

(ည) ခေတ်မီစိုက်ပျိုးမှုနည်းစနစ်များ ထွန်းကားရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ အခြားနိုင်ငံများသို့လေ့လာရေးခရီးစေလွှတ်ခြင်းများ ဆောင်ရွက်ရေး၊

( ဋ ) ပါတီစုံဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် လူမျိုးဘာသာမခွဲခြားဘဲ နိုင်ငံသားအားလုံးတက်ညီလက်ညီ တည်ငြိမ်အေးချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊

( ဌ ) ပါတီစုံဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရာ၌ နိုင်ငံသားများ၏ စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး၊ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမှုဆက်ဆံရေး၊ လယ်ယာမြေစိုက်ပျိုးရေးစသည့်ရေးရာ ကိစ္စအ၀၀တွင် ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်ရေး စသည်တို့ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူအပေါင်းတို့ခင်ဗျား -

မဟာမိတ်တောင်သူလယ်သမား ပါတီအနေဖြင့် လွှတ်တော်တွင် နိုင်ငံရေးလှုပ်ရှားမှုနှင့် လွှတ်တော် ပြင်ပနိုင်ငံရေး လှုပ်ရှားမှုကိုလည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။အဲ့ဒီလိုအခြေအနေ ၂ရပ် လှုပ်ရှားမှုတွေမှာ ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူများရဲ့ အဓိကလိုအပ်ချက် တွေကို ဖြည့်ဆည်းပေးဖို့ မူဝါဒများ၊စီမံကိန်းများရေးဆွဲပြီး အကောင် အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် လယ်သမား အရေး ဦးစားပေးဆောင်ရွက်ရင်းဖြင့် ပါတီစုံဒီမိုကရေစီနိုင်ငံ ထူထောင်ရေးမှာ ဦးစားပေးဆောင်ရွက်ရင်းဖြင့် ပါတီစုံဒီမိုကရေစီနိုင်ငံ ထူထောင်တူညီမယ်ဆိုရင် မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို မဟာမိတ်ပြုလက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမယ့် အစိုးရသစ်အနေဖြင့် ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကို ထူထောင်ရ မှာဖြစ်တဲ့အတွက် အဲ့ဒီအစိုးရကို ဖွဲ့စည်းမယ့်လွှတ်တော်ထဲမှာပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များရှိသင့်တယ်လို့ ကျွန်တော့်ပါတီ အနေနဲ့ ယူဆပါတယ်။

မည်သည့်ပါတီမဆို အတ္တမကင်းနိုင်ကြပါဘူး။ ကိုယ့်ပါတီက ကိုယ်စားလှယ်လောင်းတွေသာ လွှတ်တော်အမတ်ဖြစ်ရေး ကြိုးစားကြတာဖြစ်ပါတယ်။ ကိုယ့်ပါတီက လွှတ်တော်အမတ်တွေချည်း အစိုးရ အဖွဲ့ဖွဲ့ဖို့ ဆန္ဒပြင်းပြရှိကြပါလိမ့်မယ်။ လွှတ်တော်အတွင်းမှာ အမတ် ၅၀ ရာခိုင်နှုန်းကျော်ရှိမယ့်ပါတီဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးစတဲ့မဏ္ဍိုင်သုံးရပ်စလုံးကို ပါတီအကြိုက် စီမံဆောင် ရွက်တော့မှာဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အဲဒီအစိုးရသက်တမ်းအတွင်းမှာ ကောင်းမွေစံပြီး ဆိုးမွေခံရ တော့မှာပဲ ဖြစ်ပါတယ်။

မဲဆန္ဒရှင်များဟာ နိုင်ငံတော်ရဲ့ ကံကြမ္မာ၊ တိုင်းသူပြည်သားများရဲ့ကံကြမ္မာကို ဖန်တီးပေးရမယ့်သူတွေ ဖြစ်ပါတယ်။ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ မဲမပေးကြပါနဲ့၊ ငါ့ပါတီက ကိုယ်စားလှယ်တွေ၊ ငါ့မိတ်ဆွေနဲ့ ပတ်သက်တဲ့ကိုယ်စားလှယ်တွေ အနိုင်ရရင်ပြီးရောဆိုပြီး မဲမပေးကြဖို့ လိုပါတယ်။ ဒီမိုကရေစီနိုင်ငံတော် ထူထောင်နေတဲ့ နေရာမှာ မည်သည့်ပါတီကမဆို လူမှန် နေရာမှန်ဖြစ်မယ့် အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်စိစစ်ပြီး မဲပေးသင့်ပါတယ်။

ဒါ့ကြောင့် မဲဆန္ဒရှင်များအနေဖြင့် စည်းကမ်းပြည့်ဝပြီး စစ်မှန်သောပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ပေါက်လာရေးအတွက် ပါတီစွဲပုဂ္ဂိုလ်စွဲမထားဘဲ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းများကို သာ မဲပေးကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။                                            

မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

မဟာမိတ်တောင်သူလယ်သမားပါတီ

 ၁။  ပါတီအမည်  -  မဟာမိတ်တောင်သူလယ်သမားပါတီ
 ၂။  ပါတီအမည်(English)  -  Confederate Farmers Party ( C.F.P )
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၁၆.၁၀.၂၀၁၄
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ဦဆန်းလင်းပါ(၂၀) ဦး
 ၅။

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးဆန်းလင်း၊ ဦးတင်အေး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၀.၅.၂၀၁၅
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁.၆.၂၀၁၅
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂.၇.၂၀၁၅
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၉၂)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၆၂၆)၊ အင်းဝင်(၄) လမ်း၊ နန်းတော်ရာရပ်ကွက်၊ ပဲခူးမြို့၊ပဲခူးတိုင်းဒေသကြီး
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉ - ၂၅၀၂၀၈၈၁၆ (ဦးဆန်းလင်း) ၊ ၀၉ - ၈၆၅၂၄၇၄ (ဦးတင်အေး)
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly