ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှု မိုးရာသီတွင် သုံးလ ရပ်နားမည်

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှု မိုးရာသီတွင် သုံးလ ရပ်နားမည်
ဖားကန့်ဒေသလုပ်ငန်းခွင် လုပ်ငန်းများအား တွေ့မြင်ရစဉ်။ ဓာတ်ပုံ-AFP

နေပြည်တော်၊ မေ ၂၁ ။                ။  ကချင်ပြည်နယ်၊ ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုလုပ်ကွက်များကို ယခု မိုးရာသီကာလတွင် သုံးလခန့် ရပ်နားသွားမည်ဟု သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။

“အခုလည်း နုန်း အနယ်တွေပြို၊ ဟိုဟာတွေပြို၊ ဒီဟာတွေ ပြိုတာရယ်၊ နောက်တစ်ခုက ငါတို့က လုပ်ကွက် အသစ်တွေက ပြန်ပြီးတော့ ချပေးဖို့ ဥပဒေက ပြန်ပြီးတော့ ရေးဆွဲထားတာလေ။ အဲဒါကို လက်ရှိ လုပ်ကွက်တွေကလည်း သက်တမ်းရှိတဲ့လုပ်ကွက်က နည်းသွားတယ်။ အဲဒါကြောင့် အခု သုံးလ နားမယ် ဆိုတဲ့ဟာက အားလုံးလိုတယ်။ သဘာဝ ဘေးအန္တရာယ် စိုးရိမ်တာ ပါတယ်။ နောက်တစ်ခုက ဥပဒေအရလည်း အစ်ကိုတို့က ပေးရမယ့်ဟာက ပြန်ပြီးလုပ်ရမယ်။ လွှတ်တော်က ခွင့်ပြုထားတဲ့ ဧကတို့ ဘာတို့ ပြန်တိုင်းရမဲ့ဟာတွေ ရှိပါတယ်”ဟု ကချင်ပြည်နယ်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။

အသစ်ရေးဆွဲခဲ့သည့် ဥပဒေနှင့် ရာသီဥတု အခြေအနေများကြောင့် ယင်းကဲ့သို့ ၃ လ ရပ်နားခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ မေ ၂၁ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ရပ်နားပိတ်သိမ်းမည့်အချိန်ကို လွှတ်တော်တွင် အဆိုပြုတင်ပြပြီး ဝန်ကြီးဌာနမှတဆင့် သမ္မတထံ တင်ပြပြီး လုပ်ဆောင်သွားမည် ဟု သိရသည်။

 “လွှတ်တော်ဘက်ကနေ ကိုယ်တို့ဆီကို အကြောင်းကြားမဲ့ဟာရှိတယ်။ အကြောင်းကြားမဲ့ဟာဆို ဖြစ်နိုင်ချေက ရှေ့လထဲ၊ နောက်လ အလွန်ဆုံးတစ်လပါပဲ။ ဖားကန့်က အဓိက များတာပေါ့နော်။ ကျန်တဲ့ဘက်ကတော့ သိပ်တော့မရှိတော့ပါဘူး။ မိုးကုတ်တို့၊ဘာတို့”ဟု ဦးမင်းမင်းဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလက ဖားကန့်မြို့နယ် ဗလခရွာထိပ်ရှိ နွံကန် ပြိုကျမှုကြောင့် မြန်မာသူရကုမ္ပဏီ လုပ်ကွက် နှင့် ရွှေနဂါးကိုးကောင် ကုမ္ပဏီလုပ်ကွက်တို့မှ ဝန်ထမ်း ၅၄ ဦး သေဆုံးခဲ့သေးသည်။

ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ကွက်ပေါင်း ၇၄၀၀ ကျော်ရှိပြီး ကျောက်မျက်လုပ်ကွက်ပေါင်း ၃၀၀၀ ကျော် ရှိကာ ၊ ကုမ္ပဏီပေါင်း ၈၀၀ ခန့် ရှိကြောင်း သိရသည်။
ဖားကန့်ဒေသတွင် မကြာခဏ မြေပြိုမှုများကြောင့် လူသေဆုံးမှုများရှိပြီး မြေစာပုံပြိုကျမှုတစ်ခုတွင် လူ ၁၀၀ ကျော်အထိ သေဆုံးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly