မိုးကြိုးပစ်ခံရမှုကြောင့် တစ်ရက်အတွင်း ၃ ဦးသေဆုံး

မိုးကြိုးပစ်ခံရမှုကြောင့် တစ်ရက်အတွင်း ၃ ဦးသေဆုံး
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ မေလ ၂၁ ။         ။ ဧရာဝတီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မိုးကြိုးပစ်ခံရမှုကြောင့် တစ်ရက်အတွင်း လူ၃ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မေလ၂၀ ရက်၊ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ ညောင်ပင် စု ကျေးရွာတွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ် အောင်စိုးဆိုသူမှာ စပါးစိုက်ရန်အတွက် လယ် ကန်သင်းများ ပိတ်နေစဉ် မိုးကြိုးပစ်ခတ်ခဲ့ရာ နှာခေါင်း၊ ဝဲပါး၊ လက်မောင်း၊ ဝဲခါးစောင်း ပွန်းပဲ့ညိုမဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ မေလ ၂၁ ရက်နေ့၊ ညနေ ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ ညနေ ၅ နာရီ၊ ၄၀ မိနစ်အချိန်တွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ညောင်ပင် ကွင်းကျေးရွာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ်  အောင်ကိုချစ် အပါအဝင် ၄ ဦးတို့မှာ အဆိုပါကျေးရွာအနီးရှိ လယ်ကွင်း၌ စပါးကျဲနေစဉ် မိုးကြိုးပစ်ခတ် ခံခဲ့ရသည်။

 မိုးကြိုးပစ်ခတ်မှုကြောင့် အောင်ကိုချစ်တွင် ဝဲရင်အုံညိုမဲဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အသက် ၅၆ နှစ်အရွယ် ဦးသန်းထွန်းပါ ၃ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် လေးမျက်နှာပြည်သူ့ ဆေးရုံသို့ပို့ဆောင်ခဲ့ရ ကြောင်း သိရသည်။

အလားတူ မေလ ၂၀ ရက်နေ့၊  ည ၆ နာရီခွဲအချိန် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ဲမြို့နယ်၊ ကော့စိန်ချောင်းဝ ကျေးရွာတွင် နေထိုင်သော အသက် ၄၅ နှစ်အရွယ် မောင်လူကူးနှင့် အသက် ၆၄ နှစ်အရွယ် ဦးသာအောင် ၂ ဦးသည် မောင်လူကူး၏ နေအိမ်ခေါင်မိုးအား ပြုပြင်နေစဉ် မိုးကြိုးပစ်ခတ် ခံခဲ့ရသည်။

မိုးကြိုးပစ်ခတ်မှုကြောင့် မောင်လူကူးတွင် ရင်ဘတ်၊ ဝဲခါးရိုး၊ ကျောကုန်း ညိုမဲဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးခဲ့ပြီး ဦးသာအောင်တွင် ကျောကုန်းညိုမဲဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေဂွန်းတိုက်နယ် ဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်စေတတ်သည့် မိုးတိမ်တောင်များ တစ်ပြည်လုံးတွင် ဖြစ်ထွန်းနိုင်သဖြင့် သတိပြုကြရန် မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က မေလ ၁၄ရက်နေ့တွင် နှိုးဆော် ထားဖူးသည်။

အထူးသဖြင့် ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အလားအလာ အများဆုံး ဖြစ်ပေါ်နိုင်ကြောင်း မေ ၁၄ ရက် ညပိုင်းက အသိပေးထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly