တောင်ကိုရီးယားကလပ် ပိုဟန်စတီလားအသင်းနှင့် မြန်မာအသင်းများ ခြေစမ်းပွဲ ကစားမည်

တောင်ကိုရီးယားကလပ် ပိုဟန်စတီလားအသင်းနှင့် မြန်မာအသင်းများ ခြေစမ်းပွဲ ကစားမည်
AFF U-22 Championship 2019 ယှဉ်ပြိုင်မည့် U-22 အသင်း လေ့ကျင့်နေမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ မေလ၂၁  ။       ။ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးကြိမ်ချန်ပီယံဆုရရှိခဲ့ဖူးသည့် တောင်ကိုရီးယားကလပ် ပိုဟန်စတီ လား အသင်းသည်မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာအသင်းများနှင့် ခြေစမ်းပွဲ ကစားမည်ဟု သိရသည်။

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အဆိုပါ ခြေစမ်းဘောလုံးပွဲကိုကျင်းပခြင်း ဖြစ်ပြီး မေလ ၂၈ရက်နေ့တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့်လည်းကောင်း မေလ ၃၀ ရက်နေ့တွင် ပဏာမမြန်မာ့လက်ရွေးစင်ယူ ၂၂ အသင်းနှင့်လည်းကောင်း ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။

“အဲဒီပွဲက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးတာပါ။မြန်မာ Posco ရဲ့အဓိကစပွန်ဆာ နဲ့ပါ။ အဖွဲ့ချုပ်က ကလပ်အသင်းတွေဆီ စာထုတ်တယ်။ကန်ချင်တဲ့ အသင်းတွေ Deadline ပေါ့ ဒီနေ့မှ စာတင်ပေးပါဆိုလို့ ကျွန်တော်တို့က အသင်းရဲ့ဥက္ကဋ္ဌ ကိုတင်ပြတယ်။ ကန်ချင်တယ်ဆိုပြီး ဒီလို အသင်းမျိုးနဲ့ခြေစမ်းခွင့်ရတာ အခွင့်ရေးကောင်းတစ်ခုဆိုတော့ ကျွန်တော်တို့အသင်းနဲ့ကန်မယ်ဆိုပြီး အဖွဲ့ချုပ်ကိုစာတင်လိုက်တာပါ” ဟု ဧရာဝတီအသင်း၏ မီဒီယာ တာဝန်ခံ ကိုသက်ထူးနိုင်ဦး က ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် ၂၀၁၉ ခုနှစ် ရာသီဝက် အပြီးတွင် အမှတ်းပေးဇယား၏ အဆင့် ၆ နေရာ၌ ရပ်တည်နေပြီး ယခုကဲ့သို့ ခြေစမ်းပွဲ ကစားခြင်းသည် လာမည့် ရာသီဝက်ပွဲစဉ်များအတွက် အကောင်းဆုံးပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“အာဆီယံကစားသမား တစ်ယောက်ပေါ့ k-league မှ ခေါ်ခွင့်ရှိတယ်ပေါ့။ မြန်မာကစားသမားတွေ အတွက်ကတော့ အခွင့်ရေးကောင်းပါ။ သူတို့မှာရှိတဲ့အစွမ်းအစတွေကို အဲပွဲမှာ ချပြနိုင်တယ်ဆိုရင် အခွင့်ရေးဆိုတာကိုဖြစ်ရင်ဖြစ်သွားနိုင်ပါတယ်။မြန်မာကစားသမားတွေကြိုးစားရင်ကြိုးစားသလောက် မျက်စိကျသွားနိုင်ပါတယ်” ဟု ကိုသက်နိုင်ထူးဦး က ဆက်ပြောသည်။

အဆိုပါ ကိုရီးယားကလပ်အသင်းနှင့် ခြေစမ်းမည့် မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းသည် လာမည့် ဇွန်လ ၇ ရက်နေ့တွင် အဝေးကွင်း၌ ဗီယက်နမ် ယူ -၂၂ အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွား ရန် ရှိနေသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly