သန်လျင်ဆေးရုံတွင် ဆရာဝန်နှင့် လုံခြုံရေးဝန်ထမ်းတို့အား နှောက်ယှက်ခဲ့သူ နှစ်ဦးကို အမှုဖွင့်ထား

သန်လျင်ဆေးရုံတွင် ဆရာဝန်နှင့် လုံခြုံရေးဝန်ထမ်းတို့အား နှောက်ယှက်ခဲ့သူ နှစ်ဦးကို အမှုဖွင့်ထား

ရန်ကုန်၊ မေလ ၂၁ ။          ။ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံ၊ ဆေးကုသဆောင်တွင် ဆရာဝန်နှင့် ဆေးရုံလုံခြုံရေးဝန်ထမ်းတို့အား နှောက်ယှက်ခဲ့သူ ၂ ဦးကို တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှုကျူးလွန်ခြင်းပုဒ်မ အပါအဝင် ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။

 မေလ ၁၉ရက် ည ၉နာရီ ၃ဝမိနစ်ခန့်တွင်  တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သော ဒေါက်တာ ရဲမင်းစိုးမှာ သန်လျင်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံ၊ ဆေးကုသဆောင်တွင် ဒေါက်တာကျော်မျိုး၊ သူနာပြုများနှင့်အတူ နှစ်လုံးသွေးကြောပိတ် ရောဂါဖြစ်ပွားနေသော လူနာအား အရေးပေါ်ကုသမှု ဆောင်ရွက်နေစဉ် အောင်မိုးသူက အော်ဟစ်ပြောဆိုနှောက်ယှက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

အောင်မိုးသူက ဆရာဝန်များကို " ဒီလူနာနှလုံးခုန်နှုန်းကျလာပြီ၊ နှလုံးသွေးပျစ်လို့၊ သွေးပြန်ကြောကို ဖောက် ထုတ်မှရမယ်၊ ဆရာဝန်တွေ ဘာမှမလုပ်ဘူးလား၊ ငါ့ကိုပညာမတတ်ဘူးထင်နေလား၊ စင်္ကာပူ မှာ သင်တန်း တက်လာတာ"ဟု အော်ဟစ်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

 ထို့ကြောင့် အောင်မိုးသူကို ဒေါက်တာရဲမင်းစိုးမှ မပြောရန်တားမြစ်ခဲ့ပြီး သန်လျင်မြို့နယ်၊ အုတ်ဖိုစု ရပ်ကွက်တွင် နေထိုင်သော ဆေးရုံလုံခြုံရေးဝန်ထမ်း အသက် ၃၇ နှစ်အရွယ် ဦးအောင်လတ်က အပြင်သို့ခေါ်သွားခဲ့ကြောင်း၊ ခဏအကြာတွင် ဦးအောင်လတ် ပြန်ရောက်လာပြီး ၎င်းအား ဒေါ်မိုးဝါ ဆိုသည့် အမျိုးသမီးက ဝဲဘက်ပါးအား လက်ဖြင့် ရိုက်လိုက်သဖြင့် နာကျင်ဒဏ်ရာများရရှိခဲ့ကြောင်း ပြောပြခဲ့သည်ဟု သိရသည်။

 ထိုသို့ နှောက်ယှက်ဟန့်တားပြောဆိုမှုများကြောင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ သန်လျင်မြို့ နယ်၊ အမှုထမ်းရပ်ကွက်တွင် နေထိုင်သော အသက် ၂၅ နှစ်အရွယ် အောင်မိုးသူနှင့် ဗိုလ်ချုပ်ကျေးရွာ တွင် နေထိုင်သော အသက် ၃၅ နှစ်အရွယ်ရှိသည့် ဒေါ်မိုးဝါတို့ ၂ ဦးကို သန်လျင်မြို့မ ရဲစခန်းတွင် (ပ)၁၆၂၁/ ၂၀၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၅၃/ ၃၃၂ ဖြင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

 
အဆိုပါ ဖြစ်စဉ်ကို ရဲတပ်ဖွဲ့မှ မေလ ၂၁ ရက်နေ့၊ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ မေ ၁၆ ရက်နေ့၊ ည ၉ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required