ONE Championship သမိုင်းတစ်လျှောက် အမြန်ဆုံး အလဲထိုးပွဲ ၅ ပွဲ

ONE Championship သမိုင်းတစ်လျှောက် အမြန်ဆုံး အလဲထိုးပွဲ ၅ ပွဲ

ကြိုးဝိုင်းထဲတွင် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာကစားသမား တစ်ဦးကို အလဲထိုး နိုင်ရန် အချိန်မည်မျှ ကြာသည်ဟု ထင်ပါသနည်း။ အမှန် တကယ်တော့ မျက်စိတစ်မှိတ် သို့မဟုတ် လက်သီး တစ်ချက်ထိုးစာ အချိန်သာ ကြာသည်ဟု ဆိုနိုင်ပါသည်။ ပွဲစသည့် အချက်ပေး ခေါင်းလောင်း ထိုးချိန်မှ စက္ကန့်ပိုင်း အတွင်း အလဲထိုး အနိုင်ယူ ခဲ့သည့် ပွဲစဉ်များ ONE ၏ သမိုင်းတွင် ရှိခဲ့ဖူးပါသည်။ ထို့ကြောင့် စက္ကန့်ပိုင်းမျှပင် အလွတ်ခံ၍ မရအောင် စိတ်ဝင်စားဖွယ် ကောင်းသည့် ပွဲစဉ်များ ရှိရာ ONE Championship ပြိုင်ပွဲ၏ အမြန်ဆုံး အလဲထိုးပွဲ ၅ ပွဲအကြောင်း တင်ပြလိုက်ရ ပါသည်။

Mario Satya Wirawan နှင့် Chan Heng

အင်ဒိုနီးရှား ကစားသမား Mario Satya Wirawan ၏ နိုင်ပွဲတစ်ပွဲက ONE Championship သမိုင်း တစ်လျှောက်တွင် လုံးဝ မမေ့နိုင် ဖွယ်ရာ ပွဲစဉ်တစ်ခု ဖြစ်ခဲ့သည်။ ၂ဝ၁၅ ဒီဇင်ဘာက ကမ္ဘောဒီးယား နိုင်ငံ၊ ဖနောင်ပင် မြို့တွင် ကျင်းပသည့် ONE: Kingdom of Khmer ပွဲစဉ်တွင် Wirawan သည် အိမ်ရှင် နိုင်ငံသား Chan Heng နှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါ ပွဲစဉ်တွင် ပွဲစ ခေါင်းလောင်းတီးပြီး ကစားသမား နှစ်ဦး လက်အိတ်ချင်း တိုက်ပြီးသည်နှင့် တပြိုင်နက် Wirawan က လက်သီး သုံးချက် တွဲလုံး စထိုးခဲ့သည်။ အားပါသော တတိယမြောက် လက်သီးသည် Chan ၏ ဘယ်ဘက် ပါးချိတ်ကို မိမိရရ ထိမိသွား သဖြင့် ကြမ်းပြင် ပေါ်သို့ ပစ်လဲကာ ခုခံနိုင်စွမ်း မဲ့သွားသည်။

ယင်းအချိန်တွင် Wirawan က ခြေကန်ချက် တစ်ချက် ကန်ပြီး ဆက်တိုက် ထိုးနှက်ရန် ဝင်လာသဖြင့် ဒိုင်လူကြီးက ပွဲကို ရပ်တန့် စေခဲ့ပြီး Wirawan ကို အလဲထိုး အနိုင်ပေး ခဲ့သည်။ ယင်းဖြစ်ရပ် အားလုံး ဖြစ်ပွားချိန်မှာ ၆ စက္ကန့်သာ ကြာခဲ့ပြီး ONE ၏ သမိုင်း တစ်လျှောက် အမြန်ဆုံး အလဲထိုးပွဲ အဖြစ် သတ်မှတ်ခံခဲ့ ရသည်။

Timofey Nastyukhin နှင့် Rob Lisita

ရုရှား၏ နာမည်ကျော် အလဲထိုးဘုရင် Timofey Nastyukhin သည် ၂ဝ၁၆ ခုနှစ် မေလက ထိုင်းနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့သည့် ONE Championship ပြိုင်ပွဲ ONE: Kingdom of Champions တွင် သမိုင်းဝင် နိုင်ပွဲတစ်ခု ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် Nastyukhin သည် သြစတြေးလျ နိုင်ငံသား Rob Lisita နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်ပြီး ၎င်း၏ ပြင်းထန်သော လက်သီးချက် များဖြင့် ပွဲကို အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် သိမ်းခဲ့ခြင်း ဖြစ်သည်။ ကစားသမား နှစ်ဦးသည် လက်ဝှေ့အိတ်များ ထိပြီးသည်နှင့် ပြိုင်ထိုးဆိုင်ထိုး  တိုက်စစ်ဆင် ခဲ့ကြပြီး Lisita ဘက်မှ အနိမ့် ခြေကန်ချက် အရင်ထွက် ခဲ့ခြင်းဖြစ်သည်။ သို့သော် Nastyukhin သည် ကန်ချက်ကို ကြံ့ကြံ့ခံပြီး ဖြောင့်လက်သီး တစ်လုံးနှင့် ဘက်ဝိုက် လက်သီးတစ်လုံး ထိုးခဲ့ရာ လက်သီး နှစ်ချက်စလုံး Lisita ကို မိမိရရ ထိသွားသောကြောင့် နေရာတွင်ပင် ပစ်လဲကျ သွားခဲ့သည်။ Lisita သည် လုံးဝ ခုခံနိုင်စွမ်း မဲ့သွားသဖြင့် ဒိုင်က ပွဲကိုရပ်ပြီး Nastyukhin ကို အလဲထိုး အနိုင်အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းဖြစ်ရပ် သည်လည်း အချိန် ၆ စက္ကန့်သာ ကြာခဲ့ပြီး အမြန်ဆုံး အလဲထိုးပွဲ စံချိန်ကို ပူးတွဲ ရပ်တည်လျက် ရှိသည်။

Nuerdebieke Bahetihan နှင့် Bruno Pucci ဘရာဇီးလ် ဂျူဂျစ်ဆု No-Gi တွင် ကမ္ဘာ့ ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးသည့် Bruno Pucci သည် ၂ဝ၁၆ စက်တင်ဘာက မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူတွင် ကျင်းပခဲ့သော ONE: Unbrakable Warriors ပြိုင်ပွဲတွင် ၎င်း၏ ကမ္ဘာ့အဆင့် နပမ်းစွမ်းရည်ကို လုံးဝ ပြခွင့်မရဘဲ ရှုံးနိမ့်ခဲ့ဖူးသည်။ ၎င်း၏ ပြိုင်ဘက် တရုတ် နိုင်ငံသား Nuerdebieke Bahetihan က ၎င်းကို နပမ်းသတ်ရန် အခွင့်အရေးပင် လုံးဝ မပေးဘဲ အလဲထိုး ပွဲသိမ်းခဲ့ သောကြောင့် ဖြစ်သည်။ “Puccibull” ဟု ကြိုးဝိုင်းနာမည် ရထားသူ Pucci သည် ပွဲစ ခေါင်းလောင်းတီးသည်နှင့် ပြိုင်ဘက်ကို လက်သီးတွဲလုံးများ တရစပ် ပစ်သွင်းခဲ့သည်။ သို့သော် Bahetihan က အသာအယာပဲ ခုခံကာကွယ်ပြီး ရုတ်တရက် ဘယ်ညာ တွဲလုံးတစ်လုံး တန်ပြန်တိုက်စစ် ဆင်ခဲ့ရာ Pucci အငိုက်မိပြီး ကြမ်းပေါ်ပစ်လဲ ကျသွားခဲ့သည်။ ခုခံနိုင်စွမ်း မရှိသော Pucci ကို Bahetihan က အပေါ်စီးမှ ဆက်တိုက် ထိုးရန်ပြင်သည့် အချိန်တွင် ဒိုင်က ပွဲရပ်ပြီး နိုင်ပွဲအဖြစ် သတ်မှတ်ပေး ခဲ့သည်။ ယင်းပွဲသည်လည်း ၈ စက္ကန့်သာ ကြာခဲ့သည်။

Li Kai Wen နှင့် Rodian Menchavez

၂ဝ၁၈ ဇွန်လက မကာအိုတွင် ကျင်းပခဲ့သည့် ONE: Pinnacle of Power ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်ကစားသမား “The Underdog” Li Kai Wen က ဖိလစ်ပိုင် ကိုယ်ခံပညာကစားသမား Rodian “The Redeemer” Menchavez ကို အံ့သြဖွယ် ရလဒ်ဖြင့် ဧည့်ခံခဲ့သည်။ ဖယ်သာဝိတ် တန်းတွင် ကစားနေသည့် Li သည် ပွဲစခေါင်းလောင်း တီးပြီးကတည်းက တိုက်စစ်ကို စတင်ခဲ့ပြီး သူ၏ တပတ်လည် နောက်ပြန် ကန်ချက်က Menchavez မျက်နှာနားမှ ပွတ်ကာသီကာ ဖြတ်သွားခဲ့သည်။ ယင်းကန်ချက် အပြီးတွင် Li သည် ဘယ်ညာ လက်သီးတွဲလုံး တစ်လုံး အမြန် ပစ်သွင်းခဲ့ရာ Menchavez နောက်သို့ ဆုတ်၍ ခုခံခဲ့ရသည်။ ဆက်တိုက် ဆိုသလိုပင် Li က နောက်ထပ် လက်သီး တွဲလုံး တစ်တွဲ ထပ်မံထိုးနှက် ခဲ့ရာ ညာလက်သီး တစ်လုံးက Menchavez ၏ ဘယ်ဘက် နားထင်ကို မိမိရရ ထိမှန်ပြီး ကြမ်းပေါ် လဲကျသွား ခဲ့သည်။ အပေါ်စီးမှ ခွ၍ နောက်ထပ် လက်သီးချက်များ ပစ်သွင်းတော့မည့် Li ကို ဒိုင်လူကြီးက တားလိုက်ပြီး ပွဲကိုရပ်ကာ အလဲထိုး အနိုင်သတ်မှတ် ခဲ့သည်။ ယင်းပွဲ၏ ကြာချိန်မှာ ၁ဝ စက္ကန့်သာ ရှိခဲ့သည်။

Alain Ngalani နှင့် Hideki Sekine ကစားသမား ဘဝ တစ်လျှောက် ပထမ အချီတွင်ပင် အရှုံးအနိုင် အဖြေပေါ်အောင် ကစားလေ့ ရှိသူ Alain  “The Panther” Ngalani သည် ၂ဝ၁၇ စက်တင်ဘာက အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ကျင်းပခဲ့သည့် ONE:Total Victory ပြိုင်ပွဲတွင် စံချိန်တင် ရလဒ်တစ်ခု  ရရှိခဲ့သည်။ ယင်းပွဲတွင် ဟောင်ကောင် အခြေစိုက် ကစားသမား Ngalani သည် ONE ၏ ဟဲဗီးဝိတ် ချန်ပီယံဆု အတွက်ပင် စိန်ခေါ်ခဲ့ဖူးသူ ဂျပန် ထိပ်တန်း နပမ်းသမား Hideki “Shrek” Sekine ကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

 ပွဲစ ခေါင်းလောင်း တီးသည်နှင့် Sekine သည် Ngalani ကို ကြမ်းပေါ်သို့ မြန်မြန်ဆန်ဆန် လှဲချနိုင်ရန် အတင်းဝင်လုံး ခဲ့သည်။ Ngalani က လူချင်း အပူးမခံဘဲ ခွာကစား နေရင်းမှ ဘယ်လက်သီး တစ်လုံး လှမ်းထိုးခဲ့သည်။ သို့သော် Sekine က ရပ်တန့် မသွားလဲ ခေါင်းထိုးပြီး အတင်း ဝင်တိုးလာခဲ့ရာ Ngalani အားပါသည့် ညာလက်သီး တစ်လုံး Sekine ၏ မေးရိုးကို ထိထိမိမိ ထိုးနိုင်ခဲ့သည်။ ယင်းလက်သီးချက် ကြောင့်ပင် Sekine ကြမ်းပေါ် ပစ်လဲကျ သွားပြီး လုံးဝ ပြန်မထ နိုင်တော့ပေ။ ထို့ကြောင့် Ngalani သည် ပထမအချီ ပွဲချိန် ၁၁ စက္ကန့် တွင်ပင် အလဲထိုး အနိုင်ရလဒ် ရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required