မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦများ ပျက်စီး

မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦများ ပျက်စီး

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၆)မြို့နယ်ရှိ ကျေးရွာ(၂၇)ရွာတွင် မေလ(၂၀)ရက်နေ့ ညနေ ၄နာရီ ဝန်းကျင်ခန့်က တိုက်ခတ်ခဲ့သောလေပြင်းကြောင့် လူနေအိမ်များနှင့် ဘာသာရေး အဆောက် အဦများ ပြိုကျပျက်စီးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

“အိမ်ထောင်စု(၇၀၇)စုနဲ့ လူဦးရေ(၃၂၇၁)ဦး လေးဘေးသင့်မှုကြုံခဲ့ရပါတယ်။ ပြိုကျပျက်စီးတဲ့ နေအိမ်တွေကို တစ်အိမ် တစ်သိန်းကျပ်နှုန်း ၊ အမိုးလန်ပျက်ဆီးတဲ့ နေအိမ်တွေကို တစ်အိမ်ကို ကျပ်သုံးသောင်းနှုန်း ၊ ဆန်ဖိုး တစ်ဦးကို ၂၁ဝဝကျပ်နှုန်း ထောက်ပံ့ပေးသွားမှာပါ”ဟု  မကွေးတိုင်း ဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှတိုင်းဦးစီးမှူး ဦးမြင့်စိုး က ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ငဖဲမြို့နယ်တွင် လူနေအိမ်(၁)လုံးပြိုကျခဲ့ပြီး ဘာသာရေးအဆောက်အဦ (၃)လုံး ၊ လူနေအိမ်(၁၇၀)လုံး အမိုးလန်ပျက်စီးခဲ့ကာ အိမ်ထောင်စု(၁၇၁) စု မှ လူဦးရေ(၇၁၆)ဦး ဘေးသင့်ခဲ့ကြောင်းသိရသည်။ ထို့အပြင် မကွေးမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာတွင် လူနေအိမ် (၁) လုံးပြိုကျပြီး လူနေအိမ်(၃၅)လုံးအမိုးလန် ပျက်စီးခဲ့ကာ အိမ်ထောင်စု(၃၆)စုမှ လူဦးရေ (၁၁၆)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။

အလားတူ စေတုတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာ(၄)ခုတွင် ဘာသာရေး အဆောက်အဦ(၄)လုံး နှင့် လူနေအိမ် (၅၉)လုံးအမိုးလန် ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၅၉)စု မှ လူဦးရေ(၂၂၁)ဦး ဘေးသင့် ခဲ့ကြောင်း ၊ တောင်တွင်းကြီးမြို့နယ်အတွင်း ကျေးရွာ(၆)ရွာ၌လည်း လူနေအိမ်(၄)လုံးပြိုကျခဲ့ပြီး ဘာသာရေး အဆောက်အဦ(၅)လုံး နှင့် လူနေအိမ်(၂၀၃)လုံး အမိုးလန်ပျက်စီးခဲ့ကာ အိမ်ထောင်စု (၂၀၇) စု မှ လူဦးရေ(၁၂၀၀) ဦး လေဘေးသင့်ခဲ့ကြောင်း ၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာ(၈)ရွာ တွင် လူနေအိမ်(၃)လုံးပြိုကျပြီး လူနေအိမ်(၁၃၆)လုံး အမိုးလန် ပျက်စီးကာ အိမ်ထောင်စု(၁၃၉)စု မှ လူဦးရေ(၆၁၀)ဦး လေဘေးသင့်ခဲ့ကြောင်း ၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးရွာ(၆)ရွာတွင် လူနေ အိမ်(၅) လုံးပြိုကျပြီး ဘာသာရေးအဆောက်အဦ(၈)လုံး နှင့် လူနေအိမ်(၉၀)လုံး အမိုးလန် ပျက်စီးခဲ့ ကာ  အိမ်ထောင်စု(၉၅)စု မှ လူဦးရေ (၃၆၃)ဦး ဘေးသင့်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်ကတော့ မနှစ်ကထက် လေဘေး သင့်မှု ပိုများခဲ့ပါတယ်။ ဌာနအနေနဲ့ ကူညီထောက်ပံ့မှုတွေကို ပြည်သူ့ လက်ဝယ် အရောက် အမြန်ဆုံး လုပ်ဆောင်ပေးနေပါတယ်” ဟု ဦးမြင့်စိုးက ဆက်ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၀၁၉ခုနှစ် မေလ ၂ဝရက် နေ့အထိ လေဘေးသင့်သည့် ဒေသ(၁၀၀)ကျော်ရှိခဲ့ပြီး ပြိုကျပျက်စီးခဲ့သည့်လူနေအိမ်(၈၆)လုံး ၊ အမိုး လန် ပျက်စီးခဲ့သည့် လူနေအိမ်(၂၄၉၇)လုံး ၊ ဘေးသင့် အိမ်ထောင်စု(၂၅၈၃)စု ၊ ဘေးသင့် လူဦးရေ (၉၉၉၂)ဦး ရှိခဲ့ကြောင်း ၊ ဘာသာရေးအဆောက်အဦ (၅၇)လုံး ပြိုကျမှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆန်ရိက္ခာ ၊ အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်း နှင့် ကယ်ဆယ်ရေးပစ္စည်း တန်ဖိုး ကျပ်သိန်းပေါင်း (၁၂၀၀) ကျော်ကို ထောက်ပံ့မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly