မေ ၂၁ ။ ။ အင်ဒိုနီးရှား ရွေးကောက်ပွဲ မဲရလဒ်များအရ လက်ရှိ သမ္မတ ဂျိုကိုဝီ ဒိုဒိုက ၎င်း၏ ဒုတိယ ငါးနှစ် သက်တမ်းအတွက် အနိုင်ရပြီး ထပ်မံ ရွေးချယ်တင်မြှောက်ခံခဲ့ရပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတွင် မငြိမ်သက်မှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ ရှိနေစဉ် မဲရလဒ်များကို မူလ စီစဉ်ထားသည့်နေ့ထက် တစ်ရက်စောပြီး မေလ ၂၁ ရက် အစောပိုင်းတွင် ကြေညာခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေး အခြေအနေအရ မြို့တော် ဂျာကာတာ အနှံ့ လုံခြုံရေးဝန်ထမ်း ၃၂,၀၀၀ ခန့်ကို တပ်ဖြန့်ချထားကြောင်း သိရသည်။
ဂျိုကိုဝီ၏ အဓိကပြိုင်ဘက်ဖြစ်သည့် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုကမူ ယခု ရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများ အကြီးအကျယ်ရှိခဲ့ကြောင်း စွပ်စွဲထားပြီး လူထု ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်ဟု သတိပေးထားသည်။
သို့သော် ယခု ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး မျှတမှု ရှိခဲ့ကြောင်း လွတ်လပ်သည့် လေ့လာစောင့်ကြည့်သူများက ပြောသည်။
ရွေးကောက်ပွဲတွင် မစ္စတာ ဝီဒိုဒိုက မဲရလဒ် ၅၅ ဒသမ ၅ ရာခိုင်နှုန်း အနိုင်ရရှိပြီး မစ္စတာ ပရာဘိုဝိုက ၄၄ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည်။