ကျောင်းသားများကို ကျောင်းစာတွင်သာမက စိတ်ဓာတ်ရေးရာပါ တော်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ကျောင်းသားများကို ကျောင်းစာတွင်သာမက စိတ်ဓာတ်ရေးရာပါ တော်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော်၊ မေလ ၂၁ ။           ။ ကျောင်းသား၊ ကျောင်းသူလေးများကို တခြားနိုင်ငံမှ ကျောင်းသားများထက် တမူထူးခြားပြီး ပညာရေးတွင် သာမက စိတ်ဓာတ်ရေးရာများတွင်ပါ တော်စေချင်ကြောင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က တိုက်တွန်းပြောကြားလိုက်သည်။

ယနေ့ မေလ ၂၁ရက်နေ့က ပျဉ်းမနားမြို့ရှိ အထက (၂)ကျောင်းတွင် Grade (6) သင်ရိုးသစ်၊ ခရိုင်အဆင့် ဆွေးနွေးပွဲ၌ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက် ဖို့ဆိုလို့ရှိရင် အများကြီးလိုပါသေးတယ်။ အဓိက အရေးကြီးတာက ကျွန်မ တို့ ပညာရေးစနစ်ပါ။ ကျွန်မတို့ ပညာရေး စနစ်မှန်လို့ရှိရင် အခြားနိုင်ငံတွေနဲ့ ကျွန်မတို့ ရင်ပေါင်တန်းနိုင်မယ်။ အချိန်တိုကာလအတွင်းမှာ ကျွန်မတို့ လိုက်မှီအောင်လုပ်နိုင်တယ်။ ကျွန်မတို့ရဲ့ ကျောင်းသူ ကျောင်းသားများကို အခြားနိုင်ငံက ကျောင်းသူ ကျောင်းသားများနဲ့ တမူထူးပြီးတော့ တော်စေချင်တယ်။ တော်စေချင်တယ်ဆိုတာ ကျောင်းစာတင်မကဘူး။ စိတ်ဓာတ်ရေးရာမှာလည်း တော်စေချင်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ် ခင်ခင် ပူးပေါင်းဆောင်ရွက်တဲ့ နေရာတွေမှာလည်း တော်စေချင်တယ်”ဟု ၄င်းကပြောကြားခဲ့သည်။

ထို့ပြင် ကလေးများ ကျောင်းပျော်မှသာ ကျောင်းသွားချင်စိတ်ရှိပြီး ပညာများကိုပျော်ပျော်ရွှင်ရွှင်နှင့် သင်ယူ တတ်မြောက်မည်ဆိုသည့်အချက်ကိုလည်း Grade (6) သင်ရိုးသစ် ဆွေးနွေးပွဲမှ ရရှိခဲ့မည်ထင်ကြောင်းလည်း ဆရာ၊ ဆရာမများကိုပြောကြားခဲ့သည်။

နိုင်ငံတွင်းတွင် ခေါင်းဆောင်သင်တန်းအမျိုးမျိုးကို ပို့ချနေကြသော်လည်း အများစုပေါင်းပြီး လုပ်ကိုင်ရမည့် သင်ခန်းစာများကို အားပေးစေချင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တိုက်တွန်းပြောကြား ခဲ့သည်။

“ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများ အတူပူးပေါင်းပြီးတော့ အစုအဖွဲ့လိုက် လုပ်တဲ့နေရာမှာ တော်ဖို့ကို ဖြစ်စေချင်တာ။ကျွန်မတို့အားလုံးဟာ ကိုယ့်နေရာနဲ့ကိုယ် လက်တွဲပြီးတော့ တစ်ယောက်ကိုတစ်ယောက် ကူညီပြီးတော့ ကျွန်မတို့ ရဲ့လူမှု အသိုင်းအဝိုင်း တိုးတက်ဖို့အတွက် ပျော်ရွှင်ဖို့အတွက်ဖွံ့ဖြိုးဖို့အတွက် လုပ်နိုင် တဲ့ကလေးတွေကို ကျွန်မတို့မွေးထုတ်ချင်တယ်။ အဲ့ဒီမှာ အဓိက ကျတာကတော့ ကျောင်းဆရာ၊ ဆရာမတွေပဲ အဓိက ဖြစ်ပါတယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝှမ်းလုံးတွင် အစိုးရက ဖော်ဆောင်နေသည့် KG+12 ပညာရေးစနစ်ကို ယခုနှစ်တွင် Grade (6)နှင့် Grade(3) သင်ရိုးညွှန်းတမ်းသစ်များကို အလယ်တန်းအဆင့် ဆရာ၊ ဆရာမများအနေဖြင့် တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်စေရန် ပညာရေးဝန်ကြီးဌာန ၏ ဖိတ်ကြားမှုကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တက်ရောက်အားပေးခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကပြောသည်။

“နိုင်ငံတစ်ဝှမ်းလုံးမှာ ဒီနှစ်က ကျွန်တော်တို့ Grade 3 နဲ့ Grade 6 ပေါ့ သင်ရိုးသစ်တွေ သင် တန်းပေး နေတယ်။ သင်တန်းပေးနေတဲ့ထဲမှာ အခု ဒါ Grade 3 ကိုတော့ အမေစုမသွားဖြစ်ဘူးပေ့ါနော်။ Grade 6 ကို လာပြီးတော့မှ ဒါ တစ်နိုင်ငံလုံးမှ အထက ၂ ကို လာတယ်ဆိုပေမယ့် အမှန်က တစ်နိုင်ငံလုံးက ဆရာဆရာမ တွေကိုအားပေးချင်လို့ ဒီမှာ လာပြီးတော့ မှ အားပေးတဲ့ သဘောပါ”ဟု ဦးကိုလေးဝင်းကပြောခဲ့သည်။

KG+12 သင်ကြားရေးစနစ်ကို စတင်အကောင်အထည်ဖော်သည့်အချိန်တွင် ကလေးများအတွက် ပျော်ပျော် ရွှင်ရွှင်နှင့် သင်ကြားနိုင်ရေးအတွက်ကိုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်မှာကြား သွားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောသည်။

“နောက် တစ်ခါ သင်နည်းပိုင်း Teacher Manual တွေလည်းပဲ ဆရာ ၊ ဆရာမတွေ အကုန် လုံးကို ဖြန့်ဝေ ပေးထားတယ် ။ အဲ့တော့ သင်နည်း ပိုင်းမှာလည်းပဲ ယခင်က ဆရာကိုပဲ ဗဟိုပြုတယ် ။အခု သင်နည်းက ကျောင်းသားကိုဗဟိုပြုတဲ့ သင်နည်းကို သုံးတယ်ပေါ့။ အထူးသဖြင့်တော့ ကလေးတွေ ပိုပြီးတော့ ပါဝင် လာတယ်။ ပျော်ပျော်ရွှင်ရျွှင်နဲ့ သင်တဲ့အခါမှာပေါ့နော် ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်လာတာကို တွေ့ရပါလိမ့်မယ်”ဟု ဦးကိုလေးဝင်းကပြောသည်။

ပညာရေးဝန်ကြီးဌာန အနေဖြင့် KG +12 ပညာရေးစနစ်သစ်ကို ၂၀၁၆ခုနှစ်မှ စတင်ခဲ့ကာ ၂၀၂၂-၂၀၂၃ခုနှစ် တွင် စနစ်တစ်ခုလုံးပြီးမြောက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly