ဘယ်လောက်ချစ်ချစ် ဒီပစ္စည်းတွေမျှမသုံးပါနဲ့

ဘယ်လောက်ချစ်ချစ် ဒီပစ္စည်းတွေမျှမသုံးပါနဲ့

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ့်ပတ်ဝန်းကျင်မှာ မျက်စိနဲ့မမြင်နိုင်တဲ့  ရောဂါပိုးတွေထောင်နဲ့ချီပြီးရှိနေတာပါ။ မျက်စိနဲ့မမြင်နိုင်ဘူးဆိုကတည်းက အစစအရာရာသတိထားမှရမယ်ဆိုတဲ့ သဘောဆိုတာကိုပြောမပြလည်းသိမှာပါနော်။ ဒီတော့မမြင်ရတဲ့ရောဂါပိုးတွေလက်ကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အကောင်းဆုံးဖြစ်မယ့်နည်းလမး်ကတော့ ဘယ်လောက်ချစ်ချစ် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်သုံးတဲ့ ပစ္စည်းလေးတွေကိုမျှမသုံးဖို့ပြောပါရစေနော်။

ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ကျွန်မတို့မြန်မာလူမျိုးတွေက ချစ်ခြင်းမေတ္တာကြီးမားကြသူတွေပါ။ အရာရာကို မျှသုံးတတ်ကြသလို မိသားစုတွေစည်းစည်းလုံးလုံးနေရတာကို အခြားလူမျိုးတွေထက် ပိုသဘောကျတတ်ကြပါတယ်။ ငါ့သားလေးသုံးထားတာပဲ ငါ့သမီးလေးသုံးထားတာပဲ မိသားစုချင်းပဲဟာ အရေးမကြီးပါဘူးဆိုပြီး တဘက်ကနေစလို့ သောက်ရေခွက်တွေအထိ တူတူသုံးကြတာမျိုးရှိကြပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် သုံးတဲ့ပစ္စည်းတွေက ရောဂါပိုးမွှားတွေအများဆုံးကပ်ညှိနေနို်င်တဲ့နေရာတွေပါပဲ။
ဘာတွေကို မျှမသုံးသင့်ဘူးလဲ

ရေသုတ် တဘက်

တဘက်တစ်ထည်ကို အတူတူအသုံးပြူမှုက ကျန်းမာရေးအတွက်တော်တေ်ာလေးအန္တရာယ်များတဲ့ ကိစ္စပါ။ အရေပြားရောဂါတွေကူးစက်နိုင်သလို အခြားသောရောဂါပိုးတွေလည်း ကူးစက်နိုင်ပါတယ်။ မျက်လုံးနာတာမျိုးလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်တဘက်တစ်ထည်စီထားပေးပြီး ၃ ရက်တစ်ခါလောက်လျှော်ပေးပါ။

မုတ်ဆိတ်ရိတ်ဓား

ယောက်ျားလေးတွေအတွက် လိုအပ်တဲ့ အသုံးအဆောင်တစ်ခုပေါ့။ မတော်တဆထိမိထားတာကနေတဆင့် ခန္ဓာကိုယ်တွင်းကိုရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓားကနေတဆင့် အသည်းရောင်အသားဝါ B၊C ပိုးနဲ့ HIVရောဂါပိုးတွေကူးစက်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး မှိုပိုးတွေကူးစက်နို်ငပါသေးတယ်။ မုတ်ဆိတ်ရိတ်ဓားမသန့်ရင် အရေပြားမှာ ပွေး၊ညှင်းလိုမျိုးအရေပြားပြဿနာတွေခံစားရနိုင်ပါတယ်။

သွားပွတ်တံ

သွားပွတ်တံတစ်ချောင်းတည်းကိုမျှသုံးတာက သွေးကနေတဆင့်ကူးစက်တဲ့ ရောဂါပိုးတွေကူးစက်ခံရနိုင်ခြေတော်တေ်ာလေးများပါတယ်။ ဘယ်လောက်ချစ်ချစ် သွားပွတ်တံကိုမျှမသုံးပါနဲ့။ သွားတိုက်ရင်းသွားပွတ်တံကနေတဆင့် သွားဖုံးမှာရှိနေတဲ့သွေးကြောလေးတွေဆီကို ရောဂါပိုးတွေကူးစက်ရောက်ရှိသွားနိုင်ပါတယ်။

ချိုင်းလိမ်းတောင့်

ချွေးနံ့သက်သာစေဖို့ အသုံးပြုလေ့ရှိတဲ့ Roll-onတွေကလည်း မျှမသုံးသင့်ပါဘူးနော်။ အရေပြားကို ထိတွေ့အသုံးပြုရတာဖြစ်တာကြောင့် ချွေးပေါက်တွေကနေတဆင့်ရောဂါပိုးတွေကူးစက်နိုင်ပါတယ်နော်။

လက်သည်းညှပ်

လက်သည်းညှပ်ကို မျှသုံးတာက အန္တရာယ်များတဲ့ လုပ်ရပ်တစ်ခုပေါ့။ခြေသည်းပိုးတွေကူးစက်နိုင်သလို မတော်တဆထိခိုက်မှုကနေတဆင့်ကိုယ်တွင်းကိုရောဂါပိုးတွေကျူးကျော်ဝင်ရောက်နိုင်ပါတယ်နော်။

သောက်ရေဗူး/သောက်ရေခွက်

သောက်ရေဗူးတစ်ဗူးတည်းကိုတူတူသောက်တာ၊ သောက်ရေခွက်တစ်ခွက်တည်းကို တူတူသုံးတာတွေက တံထွေးကနေတဆင့်ကူးစက်တဲ့ရောဂါတွေအလွယ်တကူ ကူးစက်နိုင်ပါတယ်။ လည်ချောင်းနာတာ၊ ရေယုန်၊ အဖျား၊နဲ့ တုပ်ကွေးလိုမျိုးရောဂါတွေကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေကိုယ်ထဲရောက်မလာစေဖို့ သောက်ရေဗူး၊သောက်ရေခွက်တွေကို မျှမသုံးပါနဲ့။

မျက်နှာလိမ်းခရင်မ်

လက်နဲ့ကော်ယူပြီးလိမ်းရတဲ့ မျက်နှာလိမ်းခရင်မ်ကို အတူတူမျှမသုံးသင့်ပါဘူး။ မျက်နှာကိုထိလိုက် ခရင်မ်ကိုထိလိုက်လုပ်ထားတာကြောင့် လက်ချောင်းက ဘကတီးရီးယားတွေရှိနေနိုင်သလို မျက်နှာပေါ်က ဘက်တီးရီးယားတွေလည်း ရှိနေနိုင်ပါတယ်။ မျက်နှာမှာ မလိုအပ်ဘဲ ဝက်ခြံပေါက်တာမျိုးနဲ့ အရေပြားပြဿနာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

နားကပ်

သူငယ်ချင်း အချင်းချင်းဘယ်လောက်ပဲချစ်ချစ်၊ ညီအစ်မတွေပဲဖြစ်ဖြစ် နားကပ်ကို ငှားသုံးတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက ရောဂါပိုးတွေကူးစက်ခံရနိုင်ခြေကိုတော်တော်လေးများသွားစေနိုင်ပါတယ်။ မဖြစ်မနေဝတ်ချင်တယ်ဆိုရင် အရက်ပြန်သုံးလို့ ပိုးတွေသေအောင်သေချာဆေးကြောပေးပါ။

နှုတ်ခမ်းနီ

နှုတ်ခမ်းနီကလည်း ဘက်တီးရီးယားတွေကပ်ငြိနေနိုင်တာကြောင့် နှုတ်ခမ်းသားကိုထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုက ရေယုန်လိုမျိုး အရေပြားပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့်နှုတ်ခမ်းသားလေးထိခိုက်တာမျိုး မဖြစ်စေဖို့အတွက်နှုတ်ခမ်းနီကို မျှမဆိုးပါနဲ့။

ဆပ်ပြာတုံး

အမြဲလိုလိုစွတ်စိုနေတဲ့ ဆပ်ပြာမှာ ဘက်တီးရီးယားတွေက ဒုနဲ့ဒေးရှိနေနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးတွေကိုဖယ်ရှားဖို့ သုံးနေတဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းလေးဖြစ်တဲ့ ဆပ်ပြာတုံးကြောင့်ရောဂါပိုးတွေ မကူးစက်စေဖို့ ဆပ်ပြာတုံးကိုလည်း မျှမသုံးပါနဲ့။ တစ်ယောက်တစ်တုံးထားဖို့ အဆင်မပြေရင် SHOWER GEL သုံးဖို့ပြောပါရစေ။

ခြေညှပ်ဖိနပ်

နွေပူလို့ဖြစ်ဖြစ် သွားရမယ့်နေရာကို သင့်တော်တဲ့ဖိနပ်စီးစရာမရှိလို့ဆိုပြီး မမ၊မေမေတို့ရဲ့ ခြေညှပ်ဖိနပ်ကိုအလွယ်တကူ ကောက်စွတ်သွားဖို့တွေးနေလား။ မလုပ်ပါနဲ့နော်။ ခြေညှပ်ဖိနပ်ကလည်း ရောဂါပိုးတွေရှိနေနိုင်တဲ့နေရာဖြစ်သလို အရေပြားမှာ ရောဂါပိုးဝင်ကူးစက်ပြီး ခြေသည်းလက်သည်းနဲ့ ခြေထောက်အရေပြားမှာရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။

နားကြပ်

သီချင်းကောင်းကောင်းလေးတွေ နားထောင်ဖို့ ကိုယ်ပိုင်နားကြပ်တစ်ခုတော့ဆောင်ထားသင့်ပါတယ်။ သူများဆီကနားကြပ်ငှားတာမျိုးမလုပ်ပါနဲ့။ နားကြပ်မှာ ရောဂါပိုးတွေအများကြီးကပ်ညှိနေနိုင်ပါတယ်။ နားကြပ်ကဘက်တီးရီးယားတွေကြောင့်နားမထိခိုက်စေဖို့ နားကြပ်ကို အတူတူမျှသုံးတာမျိုးမလုပ်ပါနဲ့။

ကဲ ရောဂါပိုးတွေအန္တရာယ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်လိုက်ပါနော်……..
ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly