ကိုယ်ဝန်ဆောင်နေစဉ် လေယာဉ်စီးခြင်းဟာ အန္တရာယ်ကင်းလား

ကိုယ်ဝန်ဆောင်နေစဉ် လေယာဉ်စီးခြင်းဟာ အန္တရာယ်ကင်းလား

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကိုယ်ဝန်ဆောင်နေလို့ဆိုပြီး အိမ်မှာပဲ ကိုယ့်ကိုယ်ကို လှောင်ပိတ်ထားဖို့တော့ မလိုပါဘူး။ အာဟာရပြည့်တဲ့ အစားအစာတွေ စားမယ်။ သားဖွားမီးယပ် ဆရာဝန်နဲ့ သေချာပြသပြီး မိခင်နဲ့ ဗိုက်ထဲက ကလေး ကျန်းမာရေးကို ပုံမှန်စစ်ဆေးမှုပြုမယ်။ မနက်ခင်းမှာ လေကောင်းလေသန့်ရှူရှိုက်ရင်း လမ်းထွက်လျှောက်မယ်။ အိမ်နဲ့ အနီးအနားက စတိုးဆိုင်လေးတွေမှာ မိသားစုအတွက် စျေးဝယ်ထွက်မယ်။ အလုပ်လည်း အားနေတော့ အလှအပအတွက်ကိုလည်း ဂရုစိုက်ပေးလို့ ရတယ်နော်။

ခရီးသွားတဲ့ ကြိုက်နှစ်သက်တဲ့ အမျိုးသမီးတွေ စိတ်ပူတတ်တဲ့အရာတွေထဲမှာ ကိုယ်ဝန်ဆောင်နေစဉ်မှာ လေယာဉ်စီးလို့ ရ၊ မရ ဆိုတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီနေ့ဆောင်းပါးလေးကတော့ လေယာဉ်စီးလို့ ကလေးကို ထိခိုက်စေနိုင်မလား၊ ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိလား၊ ဘယ်လိုအချိန်မှာ စီးသင့်လဲ၊ ဘာတွေ ကြိုတင်ပြင်ဆင်မှု ပြုလုပ်သင့်လဲ အစရှိတာတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လေယာဉ်စီးခြင်းဟာ အန္တရာယ်ကင်းလား။

ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးမှာ မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းတယ်ဆိုရင် စီးလို့ အဆင်ပြေပါတယ်။ ဒါပေမယ့် ကိုယ်ခရီးမသွားခင် သားဖွားမီးယပ်ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စစ်ဆေးကြည့်ပြီးမှ ထွက်တာ ပိုကောင်းပါတယ်။ ကိုယ်က ဘယ်လောက်ကြာအောင် ခရီးသွားမှာလဲ၊ ကိုယ်သွားမယ့် နိုင်ငံရဲ့ ရာသီဥတုနဲ့ အပူချိန်ကိုလည်း ဆရာဝန်ကို ကြိုတင်ပြောပြထားပေးပါ။ ကိုယ့်ဘက်က ကြိုတင်ပြင်ဆင်ရမယ့် အရာတွေ၊ ဆေးဝါးတွေ ထည့်သွားပါ။ ဘယ်ပဲသွားသွား တစ်ယောက်တည်း ခရီးသွားတာထက် အဖော်တစ်ယောက်ပါတာ ပိုကောင်းပါတယ်။
ဘယ်လိုအချိန်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ခရီးသွားလို့ အကောင်းဆုံးအချိန်လဲ။

ကိုယ်ဝန် ဒုတိယ ၃လပတ်အချိန် (ကိုယ်ဝန် ၃လပတ်နဲ့ ၆လပတ် အတွင်း) ဟာ ခရီးသွားလို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ဝန်ဆောင်တွေအနေနဲ့ မနက်ပိုင်း ကိုယ်လက်မအီမသာဖြစ်တာ၊ ပျို့အန်တာတွေ၊ ဟော်မုန်းအပြောင်းအလဲကြောင့် မူးဝေတာ အစရှိတဲ့ လက္ခဏာတွေလည်း ပျောက်ကင်းလုနီးပါးဖြစ်နေပါပြီ။ ဒီတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း မူးဝေပျို့အန်မှာကို ပူစရာမလိုပဲ ပျော်ပျော်ပါးပါး ခရီးသွားလို့ အဆင်ပြေပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခရီးမသွားခင် ဘာတွေ ပြင်ဆင်ထားသင့်လဲ။

၁။ သားဖွားမီးယပ်ဆရာဝန်နဲ့ အရင်ဆုံး ပြသပြီး ကိုယ်သွားမယ့် ခရီးစဉ်အကြောင်း၊ ကိုယ့်ကျန်းမာရေးနဲ့ သွားဖို့ သင့်၊ မသင့် အရင်ဆုံးတိုင်ပင်ပါ။

၂။ ကိုယ့်အတွက် လိုအပ်တဲ့ ဆေးဝါးတွေ၊ ဖြည့်စွက်အားဆေးတွေ မပါမဖြစ် သယ်ဆောင်သွားပါ။

၃။ လေပွတာ၊ ဝမ်းလျှောတာ၊ အစာမကြေတာတွေကို သက်သာစေဖို့ သောက်ဆေး ဆောင်သွားပါ။

၄။ ကိုယ့်ရဲ့ ခင်ပွန်း သို့မဟုတ် ပြုစုစောင့်ရှောက်ပေးဖို့ အဖော်တစ်ယောက်ကို ခေါ်သွားပါ။

၅။ တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်ပါ။
လေယာဉ်မစီးခင်နဲ့ စီးနေစဉ်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အရာတွေ

၁။ လေယာဉ်မစီးခင်မှာ လေပွစေမယ့် အစားအသောက်တွေကို မစားသင့်ပါဘူး။

၂။ လေယာဉ်စီးနေစဉ်မှာ ခါးပတ်ကို ဗိုက်ရဲ့ အောက်နားမှာ သေချာပတ်ထားပေးပါ။

၃။ ရေသန့်၊ အရည်များများသောက်ပေးပါ။ ရေဓာတ်ခမ်းခြောက်တဲ့အခါ သားအိမ်ဆီကို သွေးစီးဆင်းနှုန်း ကျသွားနိုင်လို့ပါ။

၄။ လေယာဉ်ငြိမ်နေစဉ် နာရီဝက်ခြား တစ်ခါ လမ်းထလျှောက်ပေးပါ။

၅။ သန့်စင်ခန်းနဲ့ နီးပြီး သွားရလာရ အဆင်ပြေတဲ့ ထိုင်ခုံနေရာကို ရွေးထားပါ။
နိုင်ငံကျော်ဖြတ်ပြီး သွားမယ့် ခရီးလား၊ ပြည်တွင်း သွားမယ့် ခရီးလား။

ပြည်တွင်း အနီးအနားကို ခဏတာ လေယာဉ်စီးသွားတာဟာ သိပ်ပြဿနာ မရှိနိုင်ပေမယ့် နိုင်ငံရပ်ခြား ဝေးလံတဲ့ နေရာတွေကို နာရီပေါင်းများစွာ လေယာဉ်စီးသွားရမယ်ဆိုရင်တော့ ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။ လမစေ့ပဲ ကလေးမွေးတာအပြင်၊ တခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာကြောင့် မဖြစ်မနေ သွားရမယ့် ခရီးဆိုရင် ကိုယ်ဝန်ဆောင် တတိယ ၃လပတ် မတိုင်ခင် သွားတာ အကောင်းဆုံးပါပဲ။
ဘယ်သူတွေအနေနဲ့ နိုင်ငံရပ်ခြားခရီးစဉ်ကို သွားဖို့ မသင့်လျော်တာလဲ။

၁။ အသက် ၃၅ နှစ်ထက်ကြီးတာ၊ အသက် ၁၅ နှစ်အောက် ငယ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

၂။ ပထမဆုံး ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးတွေ

၃။ ကိုယ်က တစ်ယောက်ထက် ပိုတဲ့ ကိုယ်ဝန်ကို လွယ်ထားရတာဆိုရင် (အမွှာ၊ ၃မွှာပူး ကိုယ်ဝန်လွယ်ထားသူ အမျိုးသမီးတွေ)

၄။ ကိုယ်ဝန်ဆောင်နေစဉ် သို့မဟုတ် မဆောင်ခင်မှာ အချင်းမူမမှန်တဲ့ လက္ခဏာရှိမယ်ဆိုရင်

၅။ မိန်းမကိုယ် သွေးယိုစီးခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြေ ရှိတဲ့ အမျိုးသမီးတွေ

၆။ ယခင် ကိုယ်ဝန်ပျက်ကျဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

၇။ သားအိမ်ပြင်ပမှာ သန္ဓေတည်ဖူးတဲ့ အမျိုးသမီးတွေ

၈။ သားဖွားမယ့်ရက်မတိုင်မီ စောစီးစွာ ကလေးမွေးဖူးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

၉။ သွေးတိုး၊ ဆီးချို၊ ကိုယ်ဝန်ဆောင်နေစဉ် တက်ခြင်း ဖြစ်တတ်တဲ့ အမျိုးသမီးတွေအနေနဲ့ ဝေးလွန်းတဲ့ နိုင်ငံတွေကို လေယာဉ်စီးပြီး သွားလာတာမျိုး မလုပ်သင့်ပါဘူး။

သားဖွားမီးယပ်ဆရာဝန်အနေနဲ့ ကိုယ်သွားရမယ့် နိုင်ငံမှာ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ဖြစ်နေရင်၊ အမြင့်ပေ ၁၂၀၀၀ အထက် မြင့်လွန်းတဲ့ အခြေအနေမျိုးတွေအတွက်လည်း ခရီးသွားခြင်းကို တားမြစ်ပါလိမ့်မယ်။

ထိုင်ခုံမှာ အကြာကြီးထိုင်တဲ့အခါ သွေးယိုစီးပြီး သွေးခဲတာ၊ သွေးပေါင်ချိန်တက်တာ၊ နှလုံးခုန်နှုန်း မြန်တာ၊ ဓာတ်ရောင်ခြည်လှိုင်းနဲ့ ထိတွေ့မိတဲ့ အန္တရာယ် အနည်းငယ် ဖြစ်နိုင်ပါတယ်။ အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် လေယာဉ်စီး ခရီးသွားလာခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကြီးမားတဲ့ အန္တရာယ်မျိုး မဖြစ်စေပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်အခြေအနေကို သေချာစစ်ဆေးပြီး ဆရာဝန်နဲ့ တိုင်ပင်ပြီး၊ လိုအပ်တဲ့ အရာတွေကို ကိုယ့်ဘက်ကို ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly