ကုန်သွယ်ရေးစစ် တင်းမာမှု မြင့်တက်နေချိန် ပြည်သူများကို Long March စိတ်ဓာတ် ရိုက်သွင်းလှုံ့ဆော်စည်းရုံးရန် တရုတ်သမ္မတ ရည်ရွယ်

ကုန်သွယ်ရေးစစ် တင်းမာမှု မြင့်တက်နေချိန် ပြည်သူများကို Long March စိတ်ဓာတ် ရိုက်သွင်းလှုံ့ဆော်စည်းရုံးရန် တရုတ်သမ္မတ ရည်ရွယ်
Photo: EPA

လက်ရှိအချိန်တွင် အမေရိကန်နှင့်အကြား ကုန်သွယ်ရေး၊ နည်းပညာ တင်းမာမှုများ မြင့်တက်လာနေချိန် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ခရီးရှည်ချီတက်မှု ‘Long March’ ဆိုသည့် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်ရှိမှု စိတ်ဝိဉာဏ်ကို ပြည်သူများထံ ရိုက်သွင်းပြီး လှုံ့ဆော်စည်းရုံးနိုင်ရေး ကြိုးပမ်းနေလျက် ရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

ယခုလထဲ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ရှိန်တက်လာခဲ့ပြီးနောက်ပိုင်း တရုတ်သမ္မတမှာ ၎င်း၏ ပထမဆုံးသော ပြည်တွင်း ခရီးစဉ်တစ်ခုကို လှည့်လည်သွားရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း နိုင်ငံတွင် rare earth ဟု ခေါ်သည့် ရှားပါးသတ္ထု တူးဖော်ထုတ်လုပ်နေသည့် အဓိက စက်ရုံများထဲမှ Jiangxi ပြည်နယ် Ganzhou မြို့ရှိ စက်ရုံတစ်ရုံဆီသို့ သွားရောက်ခဲ့သည်။

ယင်းအပြင် တရုတ်သမ္မတသည် လွန်ခဲ့သည့် ၈၅ နှစ်ခန့်က ကွန်မြူနစ်ပါတီ၏ Long March ခရီးရှည်ချီတက်မှု စတင်ခြင်း အထိမ်းအမှတ်အဖြစ် Yudu ကောင်တီတွင် တည်ထားသော အထိမ်းအမှတ်နေရာကိုလည်း သွားရောက်ဂါရဝပြုခဲ့သည်။

ယင်းခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီနှင့်အတူ  ၎င်း၏ အယုံကြည်ရဆုံးသော အကြံပေး ဒုဝန်ကြီးချုပ် လျိုဟူလည်း အတူလိုက်ပါခဲ့သည်။ လျိုမှာ အမေရိကန်နှင့်အကြား နှစ်ရှည် ဆွေးနွေးညှိနှိုင်းမှုများအတွင်း တရုတ် အဆင့်မြင့် ကုန်သွယ်ရေး ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူနေခဲ့သူလည်း ဖြစ်သည်။

နိုင်ငံပိုင် သတင်းမီဒီယာက ယခု ရှီ၏ ခရီးစဉ် အကြောင်း အသေးစိတ်အချက် အနည်းငယ်သာ ဖော်ပြခဲ့ပြီး ကုန်သွယ်ရေးစစ်အကြောင်းလည်း ဖော်ပြထားခြင်း မရှိခဲ့ပေ။ သို့သော် သမ္မတ ရှီ၏ ယခု ခရီးစဉ်သည် လက်ရှိ အမေရိကန်နှင့်အကြား လိပ်ခဲတည်းလည်း အခြေအနေအတွင်း တရုတ်တို့ဘက်တွင် စိတ်ဓာတ်ကြံ့ခိုင်မှု ရှိနေကြောင်းကို အခိုင်အမာ မက်ဆေ့ချ် သတင်းစကား ပါးလိုက်ခြင်းဖြစ်သည်ဟု အကဲဖြတ်များက ဆိုနေကြသည်။

တရုတ်ပို့ကုန် အများအပြားအပေါ် အခွန်အကောက်တွေ တိုးကောက်ခြင်း၊ ပြည်တွင်းတယ်လီကွန်းကုမ္ပဏီ Huawei ကို ပိတ်ပင်ကန့်သတ်ခြင်း စသည်တို့ကို ၀ါရှင်တန်ဘက်က လုပ်ဆောင်ပြီးနောက်ပိုင်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း တရုတ်တို့အနေဖြင့် တင်းမာသော လေသံကို ထုတ်ဖော်ထားခဲ့သည်။ အမေရိကန်ကို လက်တုန့်ပြန်ရန် ယင်းနိုင်ငံသို့ rare earth တင်ပို့နေမှုအပေါ် ပိတ်ပင်ဖို့ ပေကျင်းအစိုးရက စဉ်းစားနေကြောင်းလည်း တရုတ်ပြည်တွင်း၌ ကောလာဟလများ ထွက်ပေါ်နေသည်။

 ခရီးရှည် ချီတက်မှု Long March သည်  တရုတ်ပြည်သူ့လွတ်မြောက်စစ်တပ်၏ ရှေ့ပြေးဖြစ်သော တပ်နီတော်သား (Red Army) ၏ ထင်ရှားသည့် စစ်တပ် ရွှေ့ပြောင်းချီတက်မှုကြီး တစ်ခုဖြစ်သည်။ တရုတ်ပြည်တွင်းစစ်အတွင်း ကူမင်တန် တပ်များ၏ ပြင်းထန်လှသည့် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေမှုများကို မခံနိုင်တော့သည့်အဆုံး ယင်းတိုက်ခိုက်မှုများကနေ ရှောင်ရှားနိုင်ရန် စစ်တပ်တစ်တပ်လုံး သေနင်္ဂဗျူဟာမြောက် ရွှေ့ပြောင်းချီတက်ခဲ့ကြခြင်းဖြစ်သည်။ ၁၉၃၄ မှ ၁၉၃၅ အထိ တစ်နှစ်ကျော်ကြာသည့် ခရီးရှည်ကြီးဖြစ်သည်။ အလွန်ခက်ခဲကြမ်းတမ်းသည့် ခရီးရှည်တစ်ခုကို ထိုးဖောက် ကျော်လွှားခဲ့ခြင်းဖြစ်ကာ အခက်အခဲနှင့် ကြုံတွေ့ချိန် စည်းလုံးညီညွတ်စွာ ဖြတ်ကျော်နိုင်ခြင်းဆိုသည့် သရုပ်သကန်လည်း ဖြစ်ခဲ့သည်။

Long March သည် တရုတ်ပြည်သူ့အစိုးရနှင့် ပါတီ သမိုင်းတွင် ကြီးကျယ်သည့် လွှမ်းမိုးမှုရှိနေကြောင်း ရှန်ဟိုင်းအခြေစိုက် နိုင်ငံရေးသုတေသီ Chen Daoyin က ပြောသည်။

“ဒါက ကုန်သွယ်ရေးနဲ့ နည်းပညာပိုင်းမှာ အမေရိကန်နဲ့ တရုတ်ထိပ်တိုက်တွေ့နေချိန် ခုလို တရုတ်ခေါင်းဆောင်ရဲ့ ခရီးကတော့ အခက်အခဲ အကျပ်အတည်းတွေကို ကြံ့ကြံ့ခံနိုင်တယ်ဆိုတာကို ပြသလိုက်တဲ့ သဘောပါ”ဟု Chen က ပြောသည်။

လက်ရှိ တရုတ်သည် ကမ္ဘာပေါ်တွင် တွင်းထွက်သတ္ထုများဆိုင်ရာ အကြီးဆုံးသော ထုတ်လုပ် တင်ပို့သူ ဖြစ်သည်။ အများစုမှာ low-carbon နည်းပညာများအတွက် အသုံးဝင်သည်။

Rare earths မှာ တရုတ်ပို့ကုန်များအပေါ် အမေရိကန်ဘက်က အခွန်ကောက်ခံမည့် စာရင်းတွင် ဖယ်ချန်ခံထားရသည့် အမျိုးအစားထဲတွင် ပါဝင်နေသည့်အတွက် ယင်းက မဟာဗျူဟာအရ အရေးပါနေသည်ဟု ဆိုနိုင်သည်။ ကမ္ဘာ့ စုစုပေါင်း ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းသည်လည်း တရုတ်တွင် ထုတ်လုပ်နေခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါ အဓိကကျနေသည့် rare earth ကို အမေရိကန်သို့ တင်ပို့မှုအပေါ် တရုတ်က ပိတ်ပင်လိုက်မည်ဆိုပါက ယင်း၏ ထိရောက်နိုင်မှုအပေါ်လည်း အချို့သော လေ့လာစောင့်ကြည်သူများက သံသယရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required