ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် မိုးကြိုးလွှဲတပ်ဆင်ရန် စီစဉ်နေ

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်တွင် မိုးကြိုးလွှဲတပ်ဆင်ရန် စီစဉ်နေ
ဓာတ်ပုံ - နွန်နွန်

ကျိုက်ထို၊ မေ ၂၀ ။         ။ မေလ ၁၅ ရက် ညပိုင်းက မိုးကြိုးစက်ကွင်းထိမှန်ခဲ့သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် မိုးကြိုးလွှဲ တပ်ဆင်ရန် စီစဉ်နေပြီး  မိုးကြိုးထိမှန်၍ ရွှေသင်္ကန်းကွာကျသွားသည့်နေရာအတွက် လာမည့် သီတင်းကျွတ်လ တောင်ဖွင့်ပွဲ မတိုင်မီ ပြင်ဆင်သွားမည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြောသည်။

“အရင်တုန်းက မိုးကြိဳးလွှဲတပ်ခဲ့တာ မြင်တဲ့အတိုင်းပဲ ပျက်ခဲ့တာကြာပြီ။ တွေ့ရတဲ့အခြေအနေပေါ်မှာပဲ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လျှပ်စစ်ဝန်ကြီးကို ၁၇ ရက်နေ့က လွတ်လိုက်ပါတယ်။ကျွန်တော်တို့ ဂေါပက အဖွဲ့တွေနဲ့ တွေ့တော့ ဖြစ်ပျက်သွားတဲ့ အခြေအနေကို တင်ပြတယ်။အဲမှာ လျှပ်စစ်ဌာနက ကျွမ်းကျင်သူတွေက မိုးကြိုးလွဲတပ်ဆင်ဖို့ကို ၁၉ ရက်နေ့ မှာ မိုးကြိုးလွဲကို အောင်မြင်စွာတပ်ဆင်နိုင်ဖို့အတွက် ညှိနှိုင်းထားပြီးပါပြီ။ အခုအခြေအနေအရ ကျိုက်ထီးရိုးဘုရား မကွယ်ဖို့ရယ်၊ ပညာရှင်တွေရဲ့ စမ်းသပ်မှုရယ်၊ လိုအပ်မှုတွေက တစ်ခုပဲ တပ်ထားလို့ရှိရင်လည်း အဆင်ပြေနိုင်ပါတယ်လို့ ပြောသွားပါတယ်။” ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်အားလုံးကို ပြည်နယ်အစိုးရအဖွဲ့နှင့် နာယကအဖွဲ့ဆီကို တင်ပြသွားမည်ဖြစ်ကာ ၎င်းခွင့်ပြုချက်ဖြင့် အကောင်းဆုံး ပြန်လည်ပြင်ဆင်သွားမည့်အပြင် ပြည်နယ်လျှပ်စစ်ဝန်ကြီးနှင့် လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် စေတီတော်တွင် မိုးကြိုးလွှဲတပ်ဆင်သွားမည် ဖြစ်သည်။

ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ရာသီဥတုအခြေအနေကြောင့် သစ်စေးနှင့်ရွှေချရမည့်ကိစ္စများတွင် အခက်အခဲ ရှိနိုင်သဖြင့် သီတင်းကျွတ်လ တောင်ဖွင့်ပွဲမတိုင်မီ ပြင်ဆင်သွားမည်ဟု သိရသည်။

“တောင်အပ်ပွဲမှာ အနီးစပ်ဆုံးဆရာတော်တွေကို ပင့်လျှောက်ပြီးတော့ ဖြစ်သွားတဲ့အခြေအနေတွေ ပြတယ်။ ဘယ်လို အနေအထားမျိုးနဲ့ ဆရာတော်တို့ သြဝါဒ ပေးမလဲလျှောက်တော့ ဒီ မေလ ၂၀ ကျော်ရင် မုတ်သုန်ရာသီ ဝင်လာနိုင်တဲ့ အခြေအနေတွေ ရှိတယ်။ မုတ်သုန်ရာသီဝင်လာရင် သစ်စေးချတဲ့ကိစ္စ၊ ရွှေချရမယ့်ကိစ္စတွေမှာ အခက်အခဲ ဖြစ်လာနိုင်တဲ့အတွက် လာမယ့်နှစ်သီတင်းကျွတ်တောင်ဖွင့်ပွဲ မစခင်လေးမှာ ရာသီဥတုကောင်းတဲ့ အခြေအနေမျိုးမှာ ပြင်ဖို့ အတိုင်းအတာမျိုးလည်း ဆရာတော်တွေဘက်က ပြောဆို သြဝါဒပေးခဲ့ပါတယ်။” ဟု ဦးကျော်ဝင်းလှိုင်က ဆက်လက်ပြောဆိုသည်။

ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို မေ ၁၅ ရက်၊ ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မိုးကြိုးစက်ကွင်းထိမှန်ခဲ့မှုကြောင့် စေတီတော်ကျောက်လုံးတော်ကြီး၏အနောက်မြောက်ဘက် အများပြည်သူ ရွှေသင်္ကန်း ကပ်လှူပူဇော်သော နေရာပတ်ဝန်းကျင်တွင် ကပ်လှူထားသည့်ရွှေသင်္ကန်း ၇၂ ကျပ်သားခန့် ကွာကျသွားခဲ့သည်။

ထို့အပြင် ကျိုက်ထီးရိုးစေတီတော်အနီးနှင့်ပတ်ဝန်းကျင်များတွင် တပ်ဆင်ထားသော CCTV ၇၂ လုံးကို ထိန်းချုပ်ထားသည့် System Unit ပုံး လောင်ကျွမ်းသွားခြင်း၊ ကျိုက်ထီးရိုးရင်ပြင်သွားလမ်း ရွှေနန်းကျင် တည်းခိုဆောင်အနီး တည်ထားကိုးကွယ်ထားသည့် ကျောက်သမံစေတီ၏သလင်းကျောက်စိန်ဖူးတော် ပျောက်ဆုံးခဲ့ကာ အပူခံကျောက်ပြားအနည်းငယ် ပျက်စီးသွားခဲ့သည်။

ကျိုက်ထီးရိုးစေတီတွင် မိုးကာလတွင် အန္တရာယ်များ ဘုရားဖူးများ လာရောက်ခွင့် ကန့်သတ်ထားပြီး မိုးလေကင်းလွတ်သည့်အခါတွင် တောင်ဖွင့်ပွဲပြုလုပ်ကာ ဘုရားဖူးများ ပြန်လည်လက်ခံခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly