မြန်မာနှင့် ဟောင်ကောင်ပွဲ၌ ကွင်းအတွင်း ဝင်ရောက်ခဲ့သူကိုထောင်ဒဏ် ခုနစ်ရက် ပြစ်ဒဏ် ချမှတ်

မြန်မာနှင့် ဟောင်ကောင်ပွဲ၌ ကွင်းအတွင်း ဝင်ရောက်ခဲ့သူကိုထောင်ဒဏ် ခုနစ်ရက် ပြစ်ဒဏ် ချမှတ်
မြန်မာနှင့် ဟောင်ကောင်ပွဲတွင် ကွင်းအတွင်းသို့ ဝင်ရောက်လာသူအား မြန်မာကစားသမားများ တားမြစ်နေစဉ်။ ဓာတ်ပုံ - သက်ကို

အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(ဆ) ပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာ ယူ-၁၉ အသင်းနှင့် ဟောင်ကောင် ယူ-၁၉ အသင်းတို့ပွဲတွင် ပွဲချိန် ၇၃ မိနစ်၌ ကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့သည့် ပရိသတ် တစ်ဦးကို လုံခြုံရေးများက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ပုဒ်မ ၄၁(၁၆) အရ ထောင်ဒဏ် ခုနစ်ရက် ချမှတ် လိုက်သည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် လုံခြုံရေးတာဝန်ခံ ဦးအေးချိုက ပြောသည်။

အဆိုပါ ပရိသတ်သည် မြန်မာနှင့် ဟောင်ကောင်ပွဲ၌  ပွဲချိန် ၇၃ မိနစ်တွင် ဟောင်ကောင်အသင်းမှ ဦးဆောင်ဂိုး သွင်းယူသည့်အပေါ် ကွင်းလယ်ဒိုင်ကို မကျေနပ်၍ ရိုးရိုးတန်းဘက်မှ ကွင်းအတွင်းသို့ ခုန်ချ ဝင်ရောက် လာခဲ့ခြင်း ဖြစ်ပြီး မြန်မာကစားသမား အချို့နှင့် လုံခြုံရေးတို့မှ တားမြစ်ကာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရ ခြင်း ဖြစ်သည်။

၎င်းပရိသတ်အား ပုဒ်မ ၄၁/၁၆ ဖြင့် အရေးယူခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ အများပြည်သူ စိတ်အ နှောင့်အယှက် ဖြစ်စေသည့် စည်းကမ်းမဲ့မှု၊ အမူအယာပြုခြင်းတို့ကြောင့် အရေးယူသည့် ဥပဒေပုဒ် မဖြစ်ကာ အနည်းဆုံး ထောင်ဒဏ် ၇ ရက်မှ အများဆုံး၂၈ ရက်အထိ ကျခံရနိုင်သည်။

“ ကွင်းထဲဝင်တဲ့ ပရိသတ်ကို ကျွန်တော်တို့အနေနဲ့ ချက်ချင်းဖမ်းပြီး သင်္ဃန်းကျွန်း ရဲစခန်းကို အပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို တီဗီမှာ တိုက်ရိုက်လွှင့်နေတော့ အားလုံးကလဲ အကုန်မြင်လိုက်ရပါတယ်။ ရဲဘက်ဆိုင်ရာ ဥပဒေအရပဲ သူ့ကို တရားစွဲဆိုတာ ပြုလုပ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်က ထောင်ဒဏ် ခုနစ်ရက် ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ လာမယ့်ပွဲတွေမှာ ဒီဖြစ်ရပ်တွေ မဖြစ်ဖို့ လုံခြုံ ရေးကို အထူးကြပ်မတ် လုပ်ဆောင်သွားမှာပါ။ ပရိသတ်တွေအနေနဲ့လည်း နိုင်ငံသိက္ခာကျမယ့် လုပ်ရပ်မျိုး ထပ်မဖြစ်စေချင်ပါဘူး” ဟု ဦးဝင်းချိုက ပြောသည်။

မြန်မာ့ဘောလုံး ပရိသတ်များအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကွင်းအတွင်းသို့ ဝင်ရောက် အောင်ပွဲခံခဲ့သည့်အတွက် မြန်မာ ယူ-၁၉ နှင့် ဘရူနိုင်းပွဲကို ပရိသတ်မပါပဲ ကစားခဲ့ရသလို မြန်မာအသင်းနှင့် အိုမန်အသင်းတို့ပွဲ၌ ကွင်းအတွင်း အရာဝတ္ထုများဖြင့် ပစ်ပေါက်ကာ ပွဲပျက်ခဲ့သည့်အတွက် လက်ရွေးစင်အသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်များကို ထိုင်းနိုင်ငံ သို့ ပြောင်းရွေ့ ကျင်းပခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required