ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ ၂၀၂ဝတွင် ထွက်ရှိမည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌဆို

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ ၂၀၂ဝတွင် ထွက်ရှိမည်ဟု ဗဟိုဘဏ် ဒုဥက္ကဋ္ဌဆို
 ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၆ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ပြုလုပ်သည့် ကလေးစာပေပွဲတော်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ရှေးဟောင်းငွေစက္ကူများအား တွေ့ရစဉ်။ ဓာတ်ပုံ - မဇ္ဈိမ

နေပြည်တော်၊ မေလ ၁၇ ။     ။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ပါရှိသည့် ငွေစက္ကူ အချို့ကို ၂၀၂ဝခုနှစ်တွင် အပြီးရိုက်နှိပ်ပြီး ထွက်ရှိသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။

ယခုလက်ရှိတွင် ငွေစက္ကူလုံခြုံရေး အစီအမံများ၊ ဒီဇိုင်းများကို သေချာစွာ ဆန်းစစ်နေပြီး ထွက်ရှိရန်အတွက် ခရီးရောက်နေပြီ ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“ဒီနှစ်ကုန်လောက်မှာထွက်နိုင်ရင်လည်း ထွက်နိုင်မယ်။ သို့မဟုတ်လို့ရှိရင်လည်း အဲ့ဟိုဘက် နည်းနည်း လောက်မှာ ထွက်လာနိုင်မယ့် အနေအထားတွေ ရှိပါတယ်”ဟု ဦးစိုးသိန်းက ပြောသည်။

မေလ ၁၇ ရက်နေ့ (ယနေ့ ) က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော် အစိုးရ၏ တတိယ(၁)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးစိုးသိန်းက ပြန်လည်ဖြေကြားခဲ့သည်။

“ဒါတွေက ဒီဇိုင်းပြန်ပြီးတော့ ပြင်တာတို့ Security Feature ထပ်ထည့်တာတို့ အဲ့ဒီအပိုင်းမျိုး ရှိပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့က ဒီဥစ္စာက ပြီးသွားမှာပါ။ ထုတ်မှာပါ ။ သေချာပေါက် ထုတ်မှာပါ။ ဒီဥစ္စာကလည်း တော်တော်ကြီးကို အချိန်နီးကပ်လာပါပြီ ။ ဒါပေမယ့်လို့ ကျွန်တော်ထင်တယ်။ ဒီနှစ်ကုန်ထက်တော့ စောပြီး တော့ သိပ်ထွက်စရာမရှိဘူးပေါ့။နောက်ပိုင်းကို ရောက်သွားနိုင်တဲ့ အနေအထားရှိပါတယ်”ဟု ဦးစိုးသိန်းက ပြောကြားသည်။

အဆိုပါ ဗိုလ်ချုပ်ပုံငွေစက္ကူများ ထုတ်လုပ်ရာတွင် မည်သည့် ငွေကျပ်အမျိုးအစားကို စတင် ထုတ်ဝေသွားမည် ဆိုသည်ကိုမူ ဗဟိုဘဏ် အနေဖြင့် သိရှိရခြင်း မရှိသေးကြောင်း ၄င်းကမဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

“ဘယ်အတန် ထုတ်ဖြစ်မလဲ မသိဘူး။ အဲ့တာတွေကတော့ သူတို့ ညှိနေကြတာလေ။ ထွက်ခါနီးကျမှ သိရမှာ လေ။ ထွက်ခါနီးကျမှ ဗဟိုဘဏ်ရောက်ပြီဆိုမှ ကျွန်တေ်ာတို့က ဘာအတန်တွေတော့ ပို့လိုက်ပြီဆိုတာ သိမှာ လေ”ဟု ၄င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly