ကာတာလိုးနီးယားဒေသရဲ့ ‘Creu de Sant Jordi’ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တဲ့ မက်ဆီ

ကာတာလိုးနီးယားဒေသရဲ့ ‘Creu de Sant Jordi’ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့တဲ့ မက်ဆီ
Photos: EPA

လီယွန်နယ် မက်ဆီဟာ ကာတာလိုနီးယားဒေသရဲ့ ဒုတိယအမြင့်ဆုံး အရပ်ဘက်ဂုဏ်ထူးဆောင် ဆုကို ပေးအပ်ချီးမြှင့်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟာ ‘Creu de Sant Jordi’ လို့ခေါ်တဲ့ ဆုကို ရရှိခဲ့တာပါ။ ကာတာလိုးနီးယားဒေသကို ဂုဏ်မြင့်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုပေးအပ်တဲ့ ဆုဖြစ်ပါတယ်။

ဒီဆုကိုတော့ ၁၉၈၁ ခုနှစ်ကလည်းက ကာတာလိုးနီးယားဒေသ အစိုးရက ပေးအပ်ခဲ့တာဖြစ်ပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်နေတာလည်းဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းမှာ အသက် ၁၃ နှစ်အရွယ်ကလည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး အဲဒီနောက်မှာတော့ သူဟာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့အထိ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

သူဟာ ကလပ်အသင်း သမိုင်းတစ်လျှောက် အခြားကစားတွေထက် ဆုဖလား (၃၄)လုံးနဲ့ ပိုမိုရရှိထားနိုင်သူဖြစ်ပြီး သွင်းဂိုး (၅၉၈)ဂိုးနဲ့ ဘာစီလိုနာရဲ့ ထာဝရဂိုးသွင်းအများကစားသမားလည်းဖြစ်ပါတယ်။

ဒါ့အပြင် အသင်းသမိုင်းမှာ ပွဲပါဝင်ကစားနိုင်မှုက အသင်းခေါင်းဆောင်ဟောင်း ဇာဗီပြီးရင် ပွဲပေါင်း (၄၈၂)ပွဲနဲ့ ဒုတိယအများဆုံးအဖြစ် ပါဝင်ကစားထားပါတယ်။

ဒီရာသီမှာလည်း အသင်းခေါင်းဆောင်အဖြစ် အသက် ၃၁ အရွယ် မက်ဆီဟာ လာလီဂါသွင်းဂိုး (၃၁) သွင်းယူထားပြီး ဂိုးဖန်တီးမှု (၁၃)ကြိမ်အထိ ပြုလုပ်ရင်း လာလီဂါဆုဖလားကို ရယူပေးထားနိုင်ခဲ့သူပါ။

မက်ဆီဟာ အခုလို ဘောလုံးသမားတစ်ဦးအနေနဲ့ Creu de Sant Jordi ဂုဏ်ထူးဆောင်ဆုကိုရတာဟာ ဘောလုံးသမားထဲမှာတော့ ပထမဆုံးမဟုတ်ပါဘူး။

ဘာစီလိုနာအသင်းအတွက် ၁၉၇၃-၇၈ ခုနှစ်အထိ ကစားသမားတစ်ဦးအနေနဲ့ရော ၁၉၈၈-၉၆ ခုနှစ်အထိ နည်းပြအနေနဲ့ပါ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဂျိုဟန်ခရိုက်ဖ်ဟာ ၂၀၀၆ ခုနှစ်က ဒီဆုကို ရရှိခဲ့တာပါ။

ကွယ်လွန်သွားပြီဖြစ်တဲ့ နယ်သလန်တိုက်စစ်မှူးဟောင်း ခရိုက်ဖ်အနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ ကစားသမားဘဝမှာ လာလီဂါ တစ်ကြိမ်၊ ကိုပါဒယ်ရေးတစ်ကြိမ်တို့ကို ရယူခဲ့ဖူးပါတယ်။ အဲ့နောက် နည်းပြဘဝမှာတော့ ဥရောပဖလားကို ရယူနိုင်ခဲ့သလို လိဂ်ဖလားကိုလည်း သမိုင်းတစ်လျှောက် ၄ (၁၉၉၀-၉၄) ကြိမ်ဆက် ရယူပေးခဲ့ပါတယ်။

Creu de Sant Jordi ဆု ရရှိပြီး ၃ နှစ်အကြာ ခရိုက်ခ်ဟာ ၂၀၁၃ အထိ ကာတာလိုးနီးယား ဘောလုံးအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly