နာဂလက်နက်ကိုင် ၆ ဦးကို မတရားအသင်းဥပဒေဖြင့် ထပ်မံအမှုဖွင့်

နာဂလက်နက်ကိုင် ၆ ဦးကို မတရားအသင်းဥပဒေဖြင့် ထပ်မံအမှုဖွင့်

မေ ၁၇ ။       ။ နာဂလက်နက်ကိုင် NSCN(K)တပ်က ဗိုလ်မှူးအဆင့်အပါအဝင် လက်နက်ကိုင် ၆ ဦးကို မတရားအသင်း ဥပဒေပုဒ်မ - ၁၇(၁)ဖြင့် ခန္တီးမြို့မရဲစခန်းတွင် ထပ်မံအမှုဖွင့်လိုက်ကြောင်း အနောက်မြောက်တိုင်းစစ်ဌာနာချုပ် သတင်းမှန်ပြန်ကြားရေးမှ ဗိုလ်မှူးကြီးသန်းနိုင်က ပြောသည်။

အဆိုပါကိစ္စကို မေလ ၁၆ ရက်က အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး အာသံ/ကသည်း လက်နက်ကိုင်အဖွဲ့များနှင့် စစ်ရေးပိုင်း ဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ပြီး မဟာမိတ်အဖြစ် ဆက်သွယ်မှုများ ရှိနေသည်ကို တပ်မတော်က စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ယခုကဲ့သို့ အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း အနောက်မြောက်တိုင်းစစ်ဌာနာချုပ် သတင်းမှန် ပြန်ကြားရေးမှ သိရသည်။

" နဂိုကတည်းက ဖမ်းထားတာတော့ ကြာပါပြီ။ မနေ့ကမှ အမှုဖွင့်တာပါ " ဟု ဗိုလ်မှူးကြီး သန်းနိုင်က မဇ္ဈိမ ကို ပြောသည်။

နာဂဒေသ၊ နန်းယွန်းမြို့နယ်၊ တကားကျေးရွာအနီးရှိ NSCN(K) ဌာနချုပ်စခန်းအား တပ်မတော်က ဝင်ရောက် ရှင်းလင်းစဉ်  အဆိုပါ လက်နက်ကိုင် ၆ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ ၆ ဦးအပါအဝင် ခေါင်းဆောင်ပိုင်းမှ ၅ ဦးကို ခန္တီးမြို့တွင် တပ်မတော်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယခုလက်ရှိတွင် လဟယ်မြို့နယ် ကော့ညှပ်နယ်ဘက်၌ မေလ ၁၆ ရက်ကစတင်ကာ တပ်မတော်နှင့် နာဂ လက်နက်ကိုင် NSCN(K)တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါကိစ္စအတွက် တပ်မတော်က သတင်းတစ်စုံ တရာ ပြန်ကြားခြင်း မရှိသေးပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly