ပဲနို့ကနေရမယ့် အကျိုးကျေးဇူး (၅) ချက်

ပဲနို့ကနေရမယ့် အကျိုးကျေးဇူး (၅) ချက်

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon


ပဲနို့က ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး သောက်တော့သောက်နေကြတာပဲ၊ ဒါပေမယ့် ဗီတာမင်တွေပါတယ်ဆိုတာကလွဲလို့ ဘာအတွက်ကောင်းတာလဲဆိုတာ သိပ်မသိကြပါဘူး။ ပဲပိစပ်ကနေရတဲ့ပဲနို့ဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး နွားနို့အစားထိုးသောက်သုံးလို့လည်းရပါတယ်။

ပဲနို့မှာ ပရိုတင်း၊ကယ်လ်စီယမ်၊သံဓာတ်၊မဂ္ဂနီဆီယမ်၊ ဖော်စဖရပ်စ်နဲ့ ပိုတက်စီယမ်၊ဆိုဒီယမ်၊နဲ့ဇင့်ဓာတ် တွေပါဝင်ပါတယ်။ အမျှင်ဓာတ်တွေအပြင် folate၊ thiamin၊ riboflavin၊ niacin ၊ ဗီတာမင် B6၊ ဗီတာမင် B12၊ ဗီတာမင် E၊ ဗီတာမင် K တို့ပါဝင်ပါသေးတယ်။
ပဲနို့က ဘာအတွက်ကောင်းတာလဲ

နှလုံးကျန်းမာရေးကောင်းစေတယ်

ပဲနို့ရဲ့ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှှိမဖြစ်အရေးပါပါတယ်။ ပရိုတင်းဆိုတာ နှလုံးရောဂါအမျိုးမျိုးကိုကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones ပါဝင်မှုကြောင့် မကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို လျော့ကျစေပါတယ်။ သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေတယ်

ပဲနို့မှာပါတဲ့ Isoflavones ကြောင့်ပဲ သွေးဆုံးတဲ့အရွယ်အမျိုးသမီးတွေမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဆုံးပြီးတဲဲ့အမျိုးသမီးတွေအနေနဲ့ ပဲနို့သောက်သုံးခြင်းအားဖြင့် အက်စထရိုဂျင်လျော့နည်းမှုနဲ့သွေးဆုံးကိုင်ဝေဒနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။

အရိုးပွရောဂါကို ကာကွယ်ပေးတယ်၊ သက်သာစေတယ်

ပဲနို့က သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွခြင်းကိုသက်သာစေတဲ့ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်းတို့ကြောင့် သည်အန္တရာယ်ကိုများစေတာပါ။ အသားကရတဲ့ပရိုတင်းက ပဲနို့ပရိုတင်းထက် ဆီးအတွင်းကယ်လ်စီယမ်ရောပါစွန့်ထုတ်မှုပိုများတယ်လို့ လေ့လာမှုတွေကဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှုကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှုအန္တရာယ်ကို လျော့နည်းစေပါတယ်။

ကင်ဆာကာကွယ်တယ်

ပဲနို့က ရင်သားကင်ဆာကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ဒါတင်မကဘဲ ပဲနို့များများသောက်တဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကိုပါ လျော့နည်းစေတယ်လို့သိရပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်

ပဲနို့ isoflavones ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက နာတာရှည်ရောဂါတွေအတွက် အကျိုးထူးပါတယ်တဲ့။ ဓာတ်တိုးခြင်းကိုလျော့ကျစေပြီး ထိခိုက်မှုနည်းစေတဲ့အတွက် အသည်းထိခိုက်မှုကိုကာကွယ်နိုင်ပါတယ်။

အဝမလွန်အောင် ထိန်းပေးပြီး ကိုလက်စထရောကိုကျစေတယ်

ပဲနို့က အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့အမျိုးသားအမျိုးသမီးတွေမှာလည်း ခါးပတ်လည်အဆီကျစေဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

အပင်ထွက်အာဟာရ phytonutrients တွေပါဝင်မှုများတဲ့ ပဲနို့ဟာ နာတာရှည်ရောဂါရှိသူတွေ၊ အသက်အရွယ်ကြီးရင့်သူတွေနဲ့ ကလေးတွေအတွက် အထူးအကျိုးကျေးဇူးပေးတဲ့အာဟာရ တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သတိထားသင့်တဲ့အချက်က စျေးကွက်မှာ လူကြိုက်များတဲ့ အသင့်သောက်ပဲနို့တွေကိုတော့ အချိုပါဝင်မှုပမာဏကိုချင့်ချိန်သောက်သုံးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required