ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ

ဆေးလိပ်မီးခိုးကြောင့် ထိခိုက်တာ အဆုတ်တစ်ခုတည်းမဟုတ်ပါ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

ဆေးလိပ်မသောက်နဲ့ အဆုတ်ထိခိုက်မယ်၊ ဆေးလိပ်ငွေ့တွေ မရှူမိစေနဲ့ အဆုတ်ပျက်စီးမယ် ဆိုတာ အရင်တည်းကသိကြပြီးသား အကြောင်းအရာပါ။ ဒီတစ်ခါတော့ ဆေးလိပ်ငွေ့ကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်တယ်ဆိုတာကို သုတေသနအသစ်က သက်သေပြခဲ့ပါတယ်။

ဆေးလိပ်အရမ်းသောက်တဲ့သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းပြဿနာရှိနိုင်ပြီး အလင်းရောင်မှိန်ရင် သိပ်မမြင်နိုင်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ဖော်ပြခဲ့ပါတယ်။

သုတေသနမှာ ဆေးလိပ်မသောက်တတ်သူ ၇၁ ဦးနဲ့ တစ်နေ့ကို အလိပ် ၂၀ ထက်မက သောက်တတ်တဲ့သူ ၆၃ ဦးကိုလေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲမှာ အမြင်အာရုံပုံမှန်ရှိသူတွေနဲ့ မျက်မှန်တပ်ရသူတွေပါဝင်ပြီး အသက် ၂၅ နှစ်ကနေ ၄၅ နှစ်အတွင်းရှိသူတွေဖြစ်ပါတယ်။

ဆေးလိပ်ငွေ့တွေကြားမှာ ပျော်မွေ့တဲ့ ဆေးလိပ်အရမ်းသောက်သူတွေဟာ အရောင်ခွဲခြားနိုင်စွမ်းမှာ သိသိသာသာပြောင်းလဲလာတာ တွေ့ရပြီး အလင်းမှိန်တဲ့နေရာမှာ ပြတ်သားစွာမြင်နိုင်စွမ်း အခက်အခဲပိုရှိနေတာတွေ့ရပါတယ်။

ဘာကြောင့်လဲ

“ စီးကရက်သောက်လွန်းတာ ဒါမှမဟုတ် ဆေးလိပ်မှာပါတဲ့ ဒြပ်ပေါင်းတွေနဲ့ ကြာရှည်ထိတွေ့မှုများနေတာက အမြင်အာရုံထင်ရှားပြတ်သားနိုုင်စွမ်းမှာ ထိခိုက်စေတယ်လို့ လေ့လာမှုရလဒ်တွေက ညွှန်ပြနေပါတယ်။ စီးကရက်မှာ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ ဒြပ်ပေါင်းတွေအများကြီးပါတယ်။ ဦးနှောက်ရဲ့အလွှာတွေကို ထူထဲမှုလျော့စေတယ်၊ ဦးနှောက်ထိခိုက်မှုတွေနဲ့ဆက်နွှယ်နေပါတယ်။ ” လို့ Rutgers University Behavioral Health Care မှ ဒါရိုက်တာဖြစ်တဲ့ တွဲဖက်သုတေသီ Steven Silverstein ကပြောပါတယ်။

အရင်သုတေသနတွေမှာတော့ ကာလကြာရှည် ဆေးလိပ်သောက်ခြင်းက အသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိမှုန်ခြင်းကို ဖြစ်နိုင်ခြေပိုများ၊ ပိုမြန်စေပြီး မျက်စိရောင်ရမ်းခြင်းတွေဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့တာပါ။

နီကိုတင်းနဲ့ ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုစနစ်ကို ထိခိုက်စေပြီး မြင်လွှာမှာ ရှိတဲ့ သွေးကြောနဲ့ အာရုံကြောဆဲလ်တွေကိုထိခိုက်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

ဒီသုတေသနကို Psychiatry Research ဂျာနယ်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုထိခိုက်နိုင်တာ အဆုတ်ကိုပဲ မဟုတ်ပါဘူး။ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်ကို ဖြတ်နိုင်အောင်မကြိုးစားနိုင်တောင် လျှော့သောက်ဖို့ သတိထားသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required