ရှန်ဟိုင်းမှာ အဆောက်အအုံ ပြိုကျ၍ လူ ငါးဦး သေဆုံး

ရှန်ဟိုင်းမှာ အဆောက်အအုံ ပြိုကျ၍ လူ ငါးဦး သေဆုံး

ရှန်ဟိုင်း၊ မေ ၁၆ ။             ။ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ နှစ်ထပ်တိုက်စီးပွားရေး အဆောက်အအုံတစ်ခု မေ ၁၆ ရက်က ပြိုကျရာမှာ လူ ငါးဦး သေဆုံးကြောင်း မြို့အာဏာပိုင်အဖွဲ့က ပြောပါတယ်။
ဆောက်လုပ်ရေးအလုပ်သမားတွေက အဲဒီ အဆောက်အအုံကို ပြန်လည်ပြင်ဆင်မွမ်းမံနေချိန်မှာ ပြိုကျတာပဲ ဖြစ်ပါတယ်။

တိုက်အပြိုအပျက်အောက်ကနေ လူ ၂၀ မှာ ၁၉ ဦးကို ဘေးကင်းလုံခြုံစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ အစောပိုင်းမှာ တရုတ်မီးသတ်ကယ်ဆယ်ရေး အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမယ့် ရှန်ဟိုင်းအုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့က ဆွဲထုတ်ကယ်ဆယ်ခဲ့သူတွေမှာ ငါးဦး သေဆုံးကြောင်း နောက်ပိုင်းမှာ တရားဝင် လူမှုမီဒီယာကနေ ကြေညာခဲ့တာပါ။

အဆောက်အအုံပြိုကျမှုဟာ နံနက် ၁၁ နာရီခွဲခန့်မှာ ဖြစ်တယ်လို့ တရုတ် အရေးပေါ်စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ၎င်းရဲ့ တရားဝင်လူမှုမီဒီယာအကောင့်ကနေ ကြေညာပါတယ်။

အပျက်အစီးပုံကြားကနေ သွေးသံရဲရဲနဲ့ ဖုန်မှုန့်တွေ ပေကျံနေတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေက ဆွဲထုတ်ကယ်တင်နေတဲ့ပုံတွေလည်း လူမှုမီဒီယာမှာ ပျံနှံ့နေပါတယ်။

အဲဒီ ပြိုကျတဲ့ အဆောက်အအုံဟာ Mercedes-Benz ကား အရောင်းအဝယ်ဌာနအဖြစ် အသုံးပြုတဲ့ အထပ်နိမ့်အဆောက်အုံဖြစ်တယ်လို့ မီးသတ်ကယ်ဆယ်ရေးဗျူရိုက ပြောပါတယ်။

“ကျွန်မ အိပ်ရာပေါ်မှာ တစ်မှေးမှေးနေချိန်မှာ ပေါက်ကွဲသံကြီးကို ကြားလိုက်ရတယ်။ ငလျင်လှုပ်သလိုပဲ လှုပ်ခါသွားတယ်။ ပထမတော့ ပေါက်ကွဲမှု တစ်ခုခု ဖြစ်ပြီလို့ ကျွန်မ ထင်လိုက်မိတယ်။”လို့ ဌာနေအမျိုးသမီးတစ်ဦးက သတင်းဌာနကို ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required