ကနီလေဘေးအတွက် အကူအညီများ လိုအပ်နေသေး

ကနီလေဘေးအတွက် အကူအညီများ လိုအပ်နေသေး

စစ်ကိုင်း၊ မေ ၁၆ ။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ လေဘေးသင့်ပြည်သူများထံသို့ နိုင်ငံတော်မှ ကျပ်သိန်း ၇၀၀ နီးပါး ထောက်ပံ့ ခဲ့သော်လည်း လုံလောက်မှုမရှိသေးကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါလေဘေးတွင် အပျက်အစီး အဆုံးအရှုံး များပြားခဲ့သောကြောင့် နိုင်ငံတော်မှ ငွေကြေးများ၊ ထောက်ပံရေး ပစ္စည်းများနှင့် မလုံလောက်၍ လေဘေးသင့် ဒေသများအတွက် အလှူ ရှင်များ လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။

"ဒီနှစ်က အပျက်စီးများလို့ နိုင်ငံတော်ကထောက်ပံ့တာနဲ့ မလုံးလောက်တာပါ။ အိမ်တစ်လုံးပျက်တယ် တိုက် တစ်လုံးပြိုတယ်ဆိုတာကတော့ ငွေတစ်သိန်းနဲ့ ဘာမှထိရောက်တာ မဟုတ်ပါဘူးလေ။ တချို့ အိမ်ခေါင်းမိုး လန်တာတွေ ဘာတွေအတွက်တော့ နှစ်သောင်း သုံးသောင်း ထောက်ပံ့တယ်။ အဓိက အခက်အခဲက သွပ်တို့ ဘာတို့က မြို့မှာဝယ်လို့ရပေမယ့် သစ်သားတို့ ဝါးတို့ကကျတော့ တရားဝင် သစ်သား ကလဲ ရောင်းခွင့် ပေးထားတာ မဟုတ်တဲ့အတွက် အိမ်ခြေ ၁၆၀၀ လောက်ပျက်သွားတော့ ဘယ်ဝယ်လို့ ဝယ်ရမှန်းမသိ အဲ့ဒီအခက်အခဲတွေ ရှိတယ်။ နောက်တစ်ခုကတော့ လက်သမားအခက်အခဲတွေလဲ ရှိတယ်။ သူ့အိမ်ကလဲပြို၊ ကိုယ့်အိမ်ကလဲပြိုဆိုတော့ အဲ့ဒီအခက်အခဲတွေရှိပါတယ်” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းမှ ပြောသည်။

ယခုလ မေလ ၁၃ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် ကနီမြို့နယ်အတွင်း ကျေးရွာ ၁၄ရွာအုပ်စု ရွာပေါင်း ၄၄ ရွာရှိ သာသနိကအဆောက်အဦများ လူနေအိမ်များ အပါအဝင် စုစုပေါင်း ၁၆၀၀ ကျော် ပျက်စီး ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်၏ ပြောပြချက်အရ သိရသည်။

မေလ ၁၄ ရက်နေ့မှ စတင်၍ အဆိုပါလေဘေးသင့် ဒေသများသို့ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကြေးများနှင့် ထောက်ပံရေးပစ္စည်း ငွေကျပ် သိန်း ၇၀၀ လှူ ဒါန်းခဲ့သည်။

ကနီမြို့နယ်တွင် ၂၀၁၇ ခုနှစ်က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး ယခုနှစ် လေပြင်း တိုက်ခတ်မှုမှာ လူသေဆုံးမှု မရှိသော်လည်း အပျက်အစီး ဆုံးရှုံးမှုများခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly