YBS ယာဉ်လိုင်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ခွင့်ပြုရန် အဆင်ပြေဦးမည်မဟုတ်ဟုဆို

YBS ယာဉ်လိုင်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ခွင့်ပြုရန် အဆင်ပြေဦးမည်မဟုတ်ဟုဆို
ဓာတ်ပုံ - NYEIN CHAN NAING /EPA

ရန်ကုန်၊ မေ ၁၆ ။            ။ ပြည်သူလူထု၏ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၏ အနေအထားများကြောင့် YBS ယာဉ်လိုင်းများ တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ခွင့်ပြုပေးရန်အဆင်မပြေနိုင်သေးဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောဆိုလိုက်သည်။

“ အစိုးရဆီမှာ ကျွန်တော်သိရတဲ့အနေအထားလောက်က ဝင်ရောက်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ် တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တိုင်းဒေသကြီး အစိုးရကိုယ်၌က ခုနလို မိမိနိုင်ငံသားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ ခရီးသွားပြည် သူများရဲ့ အနေအထား အားလုံးညီညွတ်မျှတအောင် တွက်ရတဲ့ အတွက် ဒီလို ကျွန်တော်တို့ရဲ့ ကုမ္ပဏီတွေနဲ့ဖော်ဆောင်နေတာပါလို့ တင်ပြချင်ပါတယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဝင်လာပါက ယာဉ်အသစ်ကြီးများဖြင့်မြှုပ်နှံရသည့်အတွက် အမေရိကန် ၁ ဒေါ်လာခန့်အပေါ်တွင် အခြေခံတွက်ပြီး ယာဉ်စီးခကောက်ခံမည်ဖြစ်သောကြောင့် စျေးနူန်းကြီးမြင့်လာနိုင် ကြောင်းလည်း ဦးလှအောင်ကပြောသည်။

“ လူထုရဲ့အတိုင်းအတာ ကျွန်တော်တို့ရဲ့ဝင်ငွေ အဲ့ဒီဟာကိုမပေးနိုင်ဘူးဗျ” ဟု ၎င်းကဆိုသည်။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်လာပါက နောက်ပိုင်းတွင် YBS ယာဉ်များတွင်ရင်းနှီးမြှုပ်နှံမည့် တိုင်းရင်းသားလုပ်ငန်းရှင်များ၏ အခွင့်အလမ်းများ နည်းပါးသွားနိုင်သောကြောင့် သတိပြုရမည် ဖြစ်ကြောင်း YRTA မှ တွဲဖက်အတွင်းရေးမှူးကဆိုသည်။

အလားတူ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ယခင် မ.ထ.သ လက်ထက်ကတည်းကလုပ်ကိုင်နေသည့် ယာဉ်ပိုင်ရှင်များ၏ အခွင့်အလမ်းများကိုလည်း ကြည့်ရှု့ပေးရမည့် အနေအထားလည်းရှိနေကြောင်းလည်း YRTA မှသိရသည်။

လက်ရှိ Yangon Bus Service (YBS) စနစ်တွင် ဗဟိုထိန်းချုပ်ရေးစင်တာနှင့် နည်းပညာပိုင်း ဆိုင်ရာ ကိစ္စရပ်များတွင်သာ နိုင်ငံခြားသားများကို ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး ယာဉ်လိုင်းများမှာ တိုင်းရင်းသား လုပ်ငန်းရှင်များ မှလုပ်ကိုင်နေကြခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရသည် YBS ဘတ်စ်စနစ်ကို ၂၀၁၇ ဇန်နဝါရီကစ၍ ကားစီးရေ ၃,၀၀၀ ခန့်ဖြင့် စတင် ပြောင်းလဲ ပြေးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဘတ်စ်ကားစီးရေ ၆,၅၀၀ ကျော် ရှိလာပြီဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ဘတ်စ်ကားစီးရေ ၆,၅၀၀ ကျော်တွင် ကားအသစ် ၂,၇၀၀ ကျော် ပါဝင်လာပြီး ဆက်လက်၍ ကားအသစ်များ အစားထိုးထည့်သွင်းပြေးဆွဲရန်ရှိနေကြာင်းလည်း YRTA မှပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required