လွှင့်ပစ်ရမှာကလည်း အဆီတဝင်းဝင်း စားရမှာကလည်း သဲနှင့် တရှပ်ရှပ်

လွှင့်ပစ်ရမှာကလည်း အဆီတဝင်းဝင်း စားရမှာကလည်း သဲနှင့် တရှပ်ရှပ်

မကြာမီသောကာလ တစ်လဝန်းကျင်အတွင်း မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ခု ကြုံကြရတော့မည် ဖြစ်သည်။ ပြည်သူများ မဲရုံများသို့သွားကာ မိမိနှစ်သက်သော လွှတ်တော် ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ကြရတော့မည် ဖြစ်သည်။

အမှန်တကယ် အားဖြင့်ဆိုလျင် မိမိတို့ ပြည်သူများအဖို့ ဒီမိုကရေစီနည်းကျ မဲပေးရွေးချယ်ခွင့် ကို နှစ်ခြောက်ဆယ်မျှ လက်လွှတ် ဆုံးရှုံးခဲ့ကြရပြီးကာမှ ယခုလို မဲပေးခွင့် ရကြမည်ဖြစ်သဖြင့် စိတ်လှုပ်ရှား တက်ကြွ နေကြမည်မှာလည်း မလွဲချေ။

မဲပေးခွင့် ရကြပြီဖြစ်သည်မှာတော့ အမှန်ပင် ဖြစ်သည်။ သို့သော် မိမိတို့ ပေးလိုက်သည့်မဲများ ပယ်မဲမဖြစ်ရေး၊ ထိရောက်မှန်ကန်စွာ အကျိုးသက်ရောက်စေရေး စိတ်အေးကြရဖို့ကိုလည်း စိတ်ပူ ကောင်း ပူကြရမည်ဟူ၍ ယူဆလျင်လည်း ယူဆလို့ ရပါသည်။ အဘယ်ကြောင့်ဆိုသော် မကြာခင် ရောက်ရှိလာတော့မည့် ရွေးကောက်ပွဲသည် ပီပြင်တည်ငြိမ်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်၏ မဖြစ်၏ ကိစ္စတွင် အငြင်းပွားဖွယ်ရာ အချက်များ ရှိနေခဲ့သောကြောင့် ဖြစ်သည်။

ထင်ရှားသည့် ဥပမာတစ်ခုမှာ လာမည့်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်မှ ပြုစုထားသော မဲဆန္ဒရှင်များ စာရင်းအပေါ် ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်သည်ဟူသည့် ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ၏ ရင်ဖွင့် ပြောဆိုချက် တစ်ချက်သည် မှန်ကန်တည်ငြိမ်သည့် ရွေးကောက်ပွဲ တစ်ခုဖြစ်ရေး အပြင်းအထန် ငြင်းဆိုလာကြရသည့် အချက်တစ်ချက် ဖြစ်သည်။

သည်သို့ဆိုလျင် လာမည့် ရွေးကောက်ပွဲသည် ၇၀ ရာခိုင်နှုန်း မဲဆန္ဒရှင် စာရင်းအမှားဖြင့် ပြုလုပ်ကျင်းပတော့မည့် သဘော သက်ဝင်နေသည်ဟုဆိုကာ ရွေးကောက်ပွဲအပေါ် စိတ်ပူပန်သူများလည်း ရှိလာကြရသည်။

နောက်တချက်မှာ မဲပေးပုံပေးနည်း ကိစ္စဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲကျင်းပရန် နီးကပ် လာလျက် ရှိသည့် အချိန်အထိ မဲပေးပုံမဲပေးနည်းကို ပြည်သူတချို့ ထိရောက်မှန်ကန်စွာ မသိရှိသေး သည့် အချက်ဖြစ်သည်။ သည်အခက်အခဲကို ပုဂ္ဂလိက စေတနာ့ဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်း များက သင်တန်းများ၊ ရှင်းလင်းပွဲများ၊ ပညာပေးပွဲများ တတ်အားသရွေ့ လိုက်လံကြိုးပမ်းဆောင်ရွက်နေ သည်ကိုတွေ့ရမည် ဖြစ်သည်။

အမှန်တကယ်ဆိုလျင် ယင်းအခက်အခဲကို သက်ဆိုင်ရာ နယ်မြေအ လိုက် ရွေးကောက်ပွဲ ကော်မရှင်ရုံးများကပင် တက်ကြွလျင်မြန်စွာ ဦးဆောင် ရှင်းလင်း ပညာပေးလျင် အထိရောက်ဆုံး ဖြစ်သည်။

သို့သော် ဤသို့မူ ကျယ်ပြန့်စွာ မတွေ့ကြရ။ နောက်ထပ်တချက် ရှိပါသေးသည်။ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေး ကိစ္စဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ထားသည့် သဘောထားမှာ မဲဆန္ဒရှင်များသည် ကိုယ်တိုင်လာ ရောက် ကြည့်ရှု တည့်မတ်ဖို့ရန် တာဝန်ရှိသည်ဟု ကြေညာထားပြီး ဖြစ်သည်။ သို့သော် ဤကိစ္စမှာ လည်း အငြင်းပွားဖွယ် ဖြစ်ခဲ့သည်။

ဤကိစ္စမှာ ရွေးကောက်ပွဲကော်မရှင်၏ အဓိက အလုပ်သာ ဖြစ်သည်ဟု အပြင်းအထန် ဝေဖန်မှုများ ရှိလာခဲ့သည်။ ယခုတော့လည်း စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲ ဝင်ကြရမည့် နိုင်ငံရေးပါတီ တချို့ကသာ အင်တိုက် အားတိုက် လိုက်လံ နှိုးဆော် တည့်မတ် ပေးနေကြရသည်။

အမှန်တကယ်အားဖြင့်မူ ပြည်သူများ မဲပေးချင်စိတ် ရှိသည်ထက် ရှိလာစေရေး၊ မဲပေးသည့်အခါ မှန်ကန်တိကျရေးနှင့် ပြည်သူတို့ မဲပေးခွင့် မဆုံးရှုံးစေရေး၊ ထိရောက်မှန်ကန်သည့် မဲတပြားဖြစ်ရေး အဓိက တာဝန်ရှိသူမှာ ရွေးကောက်ပွဲ ကော်မရှင်သာ ဖြစ်သည်ဟု ဝေဖန်သူများလည်း ရှိလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ မကြာခင်သော ကာလတစ်ခုအတွင်း ရွေးကောက်ပွဲကြီးကိုတော့ မိမိတို့ ပြည်သူများ ဖြတ်သန်းကြရတော့မည် ဖြစ်သည်။ မည်သို့သော အခြေအနေမျိုးတွင် ဖြစ်ပစေ မိမိတို့ ပြည်သူများ အားလုံး ရွေးကောက်ပွဲတစ်ခုကို အမိအရ လက်ကိုင် ပြုကြရမည်သာ ဖြစ်သည်။

မည်သို့ သော အခြေအနေ မည်သို့သော အခက်အခဲများဖြင့် ဝေဖန်စရာများ အငြင်းပွားဖွယ်များ ရှိနေသည်ဖြစ်ပစေရွေးကောက်ပွဲ လမ်းကြောင်းကိုတော့ မိမိတို့ပြည်သူများ လက်လွတ်ခံလို့ ဘယ်နည်းနှင့်မျှ မဖြစ်ချေ။

ပြည်သူများသည် လာမည့် ရွေးကောက်ပွဲကို ဥပမာစကားဖြင့် တင်စား ပြောဆိုနေသံများကိုမူ မိမိတို့ ကြားနေကြရ။ ရွေးကောက်ပွဲကြီးသည်ကား လွှင့်ပစ်လိုက်ရမှာကလည်း အဆီနှင့်တဝင်းဝင်း၊ စားရဖို့ ကြပြန်တော့လည်း သဲနှင့်တရှပ်ရှပ် ဟူသော စကားပင် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ မိမိတို့ ပြည်သူများအဖို့ ရွေးကောက်ပွဲတွင် မိမိတို့ ကိုယ်ပိုင်မဲ ထိရောက် အောင်မြင်စွာ မဲပေးနိုင်ကြဖို့သာ အရေးကြီးကြောင်း တင်ပြ တိုက်တွန်းလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required