ဘရာဇီးမှာ ဘတ်ဂျက်အကြီးအကျယ် ဖြတ်တောက်တာကို ဆန့်ကျင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွား

ဘရာဇီးမှာ ဘတ်ဂျက်အကြီးအကျယ် ဖြတ်တောက်တာကို ဆန့်ကျင်ပြီး ဆန္ဒပြမှုတွေ ဖြစ်ပွား

ရီယိုဒီဂျနေးရိုး၊ မေ ၁၆ ။          ။ ဘရာဇီး သမ္မတ ဘိုုဆိုနာရိုအစိုးရက ဘတ်ဂျက်အကြီးအကျယ် ဖြတ််တောက်ကြောင်း ကြေညာချက်ကို တုံ့ပြန်ပြီး ပညာရေးကဏ္ဍကို ကာကွယ််ဖို့ ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမ ထောင်ပေါင်းများစွာဟာ နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြကြပါတယ်။

ချီတက်ဆန္ဒပြသူတွေကို သမ္မတဖြစ်သူ ဘိုဆိုနာရိုက အသုံးဝင်တဲ့ ဝမ်းတွင်းရူးတွေနဲ့ အရူးအနှမ်းတွေလို့လည်း ပြောဆိုတာကြောင့် နိုင်ငံမှာ အကြီးဆုံး ကန့်ကွက်ဆန္ဒပြမှု ဖြစ်ပွားတာလည်း ဖြစ်ပါတယ်။

အစိုးရရဲ့ ယိုင်နဲ့နေတဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ပညာရေးအသုံးစရိတ်ကို သုံးစွဲနေရတဲ့ ပမာဏမှာ လေးပုံတစ်ပုံအထိ လျှော့ချရကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက်မှာ နိုင်ငံရဲ့ အမျိုးသားကျောင်းသားများသမဂ္ဂက ဒီအသုံးစရိတ် လျှော့ချမှုကို ဆန့်ကျင်ဆန္ဒပြကြဖို့ နှိုးဆော်လိုက်တာပါ။

မြို့ပေါင်း ၂၀၀ ကျော်ထက်မနည်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားပြီး ဒါဟာဆိုရင် လက်ယာစွန်း ဘိုဆိုနာရိုအစိုးရကို ဆန့်ကျင်တဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ဆန္ဒပြသမှုကြီးလည်း ဖြစ်ပါတယ်။

သမ္မတ ဘိုဆိုနာရိုအနေနဲ့ အားနည်းနေတဲ့ စီးပွားရေးနဲ့အတူ ရုန်းကန်နေရတာဖြစ်ပြီး အလုပ်လက်မဲ့ ကြီးထွားလာတဲ့ ပြဿနာကိုလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာပါ။

ဒါအပြင် လွှတ်တော်တွင်း သြဇာကျဆင်းမှုအပြင် အစိုးရကက်ဘိနက်အတွင်းမှာပါ ထိုးနှက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

ရီယိုဒီဂျနေးရိုးမြို့မှာ ငြိမ်းချမ်းစွာ ထောင်ပေါင်းများစွာ စုရုံးဆန္ဒပြမှုဟာ ဆူပူအကြမ်းဖက်မှုအသွင် ကူးပြောင်းခဲ့ပါတယ်။ အမည်မသိ ကျူးလွန်သူတွေက ဘတ်စ်ကားတစ်စီးကို မီးတင်ရှို့ပြီး ရဲတွေကိုလည်း မီးလောင်စေတဲ့ ပစ္စည်းတွေနဲ့ ပစ်ခတ်ပါတယ်။

ဒီလို ဆူပူမှုအသွင် ကူးပြောင်းလာတာကို ရဲက မျက်ရည်ယိုဓာတ်ငွေ့တွေ သုံးပြီး လူစုခွဲ ဖြိုခွင်းခဲ့ရပါတယ်။ မြို့တော် ဘရာစီးရီးယားမှာ တက္ကသိုလ်ပါမောက္ခတွေ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၇၀၀၀ ခန့်ဟာ လွှတ်တော်ဆီ ချီတက်ကြပြီး ဘတ်ဂျက်ဖြတ်တောက်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly