မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများကို မိုးရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေး

မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူများကို မိုးရာသီ စိုက်ပျိုးစရိတ်ငွေများ ထုတ်ချေး

မကွေး၊ မေ ၁၅ ။          ။ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ဒေသခံတောင်သူလယ်သမားများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၁၉ခုနှစ်မိုးရာသီ သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေများ စတင်ထုတ်ချေး ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

“မြို့နယ်အတွင်းရှိသော ကျေးရွာအုပ်စု (၄၃)အုပ်စု၊ စပါးစိုက်ဧက(၃၉၉၂၆) ဧကနဲ့ အခြားသီးနှံစိုက်ဧက (၂၉၁၁၁) ဧကအတွက် ချေးငွေပေါင်း သိန်း ရှစ်သောင်းကိုးထောင်ထုတ်ချေးရန်လျာထားပါတယ်”ဟု  မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာဦးနေလင်းကပြောသည်။

အဆိုပါ လျာထားမှုများအနက် ၂၀၁၉ မေလ ၆ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ကျေးရွာအုပ်စု (၈) အုပ်စု ရှိ တောင်သူ(၉၆၅)ဦး၊ စပါးစိုက်ဧက( ၃၄၇၄) ဧကနှင့် အခြားသီးနှံစိုက်ဧက (၆၄၇ )ဧကအတွက် ချေးငွေပေါင်း ကျပ်(၅၈၅၈)သိန်းကို ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ချေးငွေများထုတ်ချေးပေးရာတွင် စိုက်ပျိုးချိန်အမှီ တောင်သူလယ်သမားများ၏ လက်ဝယ်အရောက် ချေးငွေများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အလိုက် ကျေးရွာများရှိ ချေးငွေ အကြံပေးအဖွဲ့များနှင့်ညှိနှိုင်း၍ စနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း တောင်သူလယ်သမားများအနေဖြင့် ချေးယူထားသည့်အတိုင်း စိုက်ပျိုးခြင်း မရှိပါက ချေးငွေနှင့်တကွ ကျသင့်သော အတိုးကို ချက်ခြင်းပြန်လည်ပေးသွင်းစေရမည့်အပြင် လိုအပ်ပါက လိမ်လည်မှုဖြင့် တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မိုးစပါးစိုက်ပျိုးထွန်ယက်ဖို့ လုပ်ငန်းခွင် စရတော့မယ့်အခါ ငွေလိုအပ်နေတဲ့အချိန် ထုတ်ချေးငွေကို စောစော လည်း ထုတ်ချေးတဲ့အပြင် ချေးငွေပိုပေးလို့ ကျွန်တော်တို့ တောင်သူတွေရဲ့ မျှော်လင့်ချက်ကို ပြည့်ပြည့် ဝဝ ရရှိတဲ့အတွက် အစိုးရကို ကျေးဇူးတင်ပါတယ်” ဟု မြို့သစ်မြို့နယ် ဒန်ဒလွန်ပင်ကျေးရွာ တောင်သူ ဦးအောင်မင်းနိင် က ပြောသည်။

ချေးငွေထုတ်ပေးမှုများအရ မိုးစပါးတစ်ဧကလျှင် ကျပ်၁သိန်းခွဲနှင့် အခြားသီးနှံအတွက် ကျပ်၁သိန်း သတ်မှတ် ထားပြီး မိုးစပါးစိုက်ဧက (၃၉၉၂၆)ဧကနှင့် အခြားသီနှံ ဧက(၂၉၁၁၁) ဧကအပါအဝင် စုစုပေါင်း( ၆၉၀၃၇) ဧကအတွက် ချေးငွေပေါင်း ကျပ်ရှစ်သောင်းကိုးထောင်ကို တောင်သူလယ်သမား(၁၄၂၇၈)ဦးကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required