ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်ဆောက်ရေးတွင် အချင်းချင်း မညီညွတ်၍ ဒိုင်စားသွားသည်ဟု ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဆို

ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်ဆောက်ရေးတွင် အချင်းချင်း မညီညွတ်၍ ဒိုင်စားသွားသည်ဟု ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဆို
တက်ကြွလှုပ်ရှားသူတစ်ဦးက ၁၉၆၂ ခုနှစ်မှာ ဖြိုချခံခဲ့ရသော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦပုံကို ၂၀၀၉ ခုနှစ်၊ ဘန်ကောက်တွင် ကိုင်ဆောင်ပြသထားစဉ်။ ဓာတ်ပုံ-AFP

နေပြည်တော်၊ မေ ၁၅ ။         ။ သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကို ပြန်လည် တည်ဆောက်ရန် ကြိုးစားခဲ့သော်လည်း သမဂ္ဂအချင်းချင်း မညီညွတ်သဖြင့် နောက်ဆုံး ဒိုင်စားသွားသည်ဟု ဆရာများ သမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောသည်။

“တစ်ဖွဲ့ မဆောက်ဘူး ပြောတယ်။ တစ်ဖွဲ့က ဆောက်မယ် ပြောမယ်။ ဆောက်မယ်ဆိုတဲ့အဖွဲ့က ဒီလို ဆောက် မယ်၊ ဟိုလိုမဆောက်ဘူး။ ဟိုလူက ဟိုလိုဆောက်မယ်။ ဟိုလို မဆောက်ဘူး။ ကျွန်တော်တို့ အချင်းချင်းက မညီညွတ်ဘူး။ မညီညွတ်တော့ ဘာဖြစ်လဲဆိုတော့ ဒိုင်စားသွားတယ်”ဟု ၄င်းက ပြောသည်။

မေ ၁၅ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း သတင်းစာရှင်းလင်းပွဲတွင် ဆရာများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD အစိုးရလက်ထက်တွင် သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ပြန်လည် တည်ဆောက်ရန် ၂၀၁၆ ခုနှစ်ပိုင်းက အစည်းအဝေးများ အကြိမ်ကြိမ် လုပ်ခဲ့ကြသော်လည်း သမဂ္ဂအချင်းချင်း မညီညွတ်သဖြင့် အဆိုပါ အဆောက်အဦဖြစ်လာမည်မဟုတ်ကြောင်း သူက ဆက်ပြောသည်။

 “အဲ့တော့ အဲဒီပိုက်ဆံတွေကို ချထားပေးတာ ကျွန်တော်သိတယ်။ သို့သော် နောက်ပိုင်းမှာ အဲဒီလိုမျိုးတွေ ပြဿနာတွေ တက်တော့ ကျွန်တော်ထင်ပါတယ်။ တစ်နှစ်ကျော်၊ နှစ်နှစ်မှာထင်ပါတယ်။ ကျောင်းသားသမဂ္ဂ အဆောက်အဦဆောက်လုပ်ရေး ဆိုတဲ့ရည်ရွယ်ချက်ကြီးက နောက်ပိုင်းကျအစည်းအဝေးလည်းမရှိတော့ဘူးလို့ ကျွန်တော်ကြားပါတယ်။ ဆောက်မှာနဲ့မဆောက်ဘူးဆိုတဲ့ကြားမှာ ကျွန်တော်တို့ ကျောင်းသားတွေ မညီညွတ် တဲ့အတွက် ဒီအဆောက်အဦ ဖြစ်လာမှာမဟုတ်ဘူး။ ဒါသေချာတယ်။”ဟု ဒေါက်တာထွန်းနိုင်က ပြောသည်။

အစိုးရဘက်အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပြန်တည်ဆောက်ရန် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် ငွေကျပ် ၅ ဒဿမ ၂ ဘီလီယံ အတည်ပြုရရှိထားသော်လည်း ပညာရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်နိုင်ရေးလုပ်ငန်းများနှင့် ပညာရေးအဆင့်မြှင့်တင်ခြင်း ကဏ္ဍများတွင် လွှဲပြောင်းသုံးစွဲသွားမည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က ဖြေကြားထားသည်။

၂၀၁၇ ခုနှစ်ကတည်းက ဘတ်ဂျက်လျာထားခဲ့သည့် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ တည်ဆောက်မည့်ကိစ္စ ကြန့်ကြာနေသည့်အပေါ် ရန်ကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး တွင် ကြယ်ပွင့်ပြမေးခွန်းဖြင့် မေးမြန်းခဲ့ခြင်းအပေါ် စာဖြင့် ဖြေကြားထားခြင်းလည်း ဖြစ်သည်။

လက်ရှိတွင်လည်း ကျောင်းသားသမဂ္ဂများဘက်မှ အဆောက်အဦ ဆောက်လုပ်ရန်အတွက် အစည်းအဝေးများ အတွင်း ၇၅ ခုနှစ်ကျောင်းသားများ တစ်ဖွဲ့၊ ၆၅၊ ၆၃၊ ၈၈၊ ၉၅ ခုနှစ် ကျောင်းသားသမဂ္ဂများမှ ပါဝင်ကြပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆောက်လုပ်ရန် ညှိနှိုင်းရာ မညီညွတ်ကြကြောင်း ၄င်းက  ဝေဖန်ပြောဆိုခဲ့သည်။

ကျောင်းသားများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း အဆိုပါ ကျောင်းသားသမဂ္ဂအဆောက်အဦ ကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခံရပြီး ကျောင်းသားများ ရာနှင့်ချီကာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly