စည်းကမ်းမဲ့ လမ်းဖြတ်ကူးပါက ဒဏ်ငွေ ကျပ်သုံးသောင်းအထိ ပေးဆောင်ရမည့် ဥပဒေဖြင့် အရေးယူမည်

စည်းကမ်းမဲ့ လမ်းဖြတ်ကူးပါက ဒဏ်ငွေ ကျပ်သုံးသောင်းအထိ ပေးဆောင်ရမည့် ဥပဒေဖြင့် အရေးယူမည်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ မေလ ၁၅ ။      ။ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပညာပေးတားမြစ်နေသည့်ကြားမှ စည်းကမ်းမဲ့ လမ်းဖြတ်ကူးပါက ကျပ်သုံးသောင်း အထိ ဒဏ်ငွေပေးဆောင်ရမည့် ၂၀၁၅ ခုနှစ်၊ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူသွားမည်ဟု ရန်ကုန် အနောက်ပိုင်းခရိုင်၊ အမှတ် (၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ  ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောသည်။

ယာဉ်ကြောင့်ဖြစ်ပွားသည့် ဘေးအန္တရာယ်များ လျော့ချနိုင်ရေးအတွက်  မေလ ၁၅ ရက်နေ့၊ နံနက်ပိုင်းမှ စတင် ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချက်အချာကျသော မြို့နယ် ၆ မြို့နယ်တွင် စည်းကမ်းမဲ့ လမ်းမဖြတ်ကူးရန် အသံချဲ့စက်များဖြင့် အော်ဟစ်သတိပေးမှုများပြုလုပ်ခဲ့ပြီး ပညာ ပေးမှုများကိုလည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

" ကျွန်တော်တို့ အခုလိုပညာပေးမှုလုပ်ငန်းတွေကို ဆောင်ရွက်နေသလို ဒီလို ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ ပညာပေးနေတယ်။ ကြပ်မတ်နေတယ်။ ဒီလို ကြပ်မတ်နေတဲ့ကြားက စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့ သူတွေကို စစ်ဆေးတွေ့ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု အမှတ် (၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ  ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးအောင်မြင့်က ပြောသည်။

လူကူးခုံးကျော်တံတားမှတဆင့် လမ်းကူးရန် အခက်အခဲရှိသည့် မသန်စွမ်းသူများ၊ အသက်ကြီးပိုင်းများ၊ ကျန်းမာရေး ချို့တဲ့သူများအနေဖြင့် ခုံးကျော်တံတား အနီးတဝိုက်ရှိ လူကူးမျဉ်းကြားများမှ လမ်းကူးရန် ညွှန်ပြထားပြီး အဆိုပါ နေရာများတွင် ကူညီပေးရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကိုလည်း နေရာချ တာဝန်ပေးထားကြောင်း သိရသည်။

" တကယ်လို့ လမ်းဖြတ်ကူးတယ်ဆိုရင် ယာဉ်မောင်းတွေက ဥပမာ လမ်းဖြတ်ကူးတာ ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မျဉ်းကြားနားရောက်ရင် အရှိန်လျှော့မောင်းနှင်ရမယ်။ တကယ်လို့ မျဉ်းကြားမှာ လမ်းဖြတ်ကူးနေတာကို တွေ့ရင်တော့ မျဉ်းကြားနဲ့ ၅ မီတာအကွာမှာ ယာဉ်ကို ရပ်ပေးထားရမယ်။ ဒါကလည်း မော်တော်ယာဉ်ဥပဒေမှာ၊ မော်တော်ယာဉ်နည်းဥပဒေမှာ အတိအကျပါပြီးသားပဲ။ ဒါတွေကို မလိုက်နာဘူးဆိုရင်တော့ မော်တော်ယာဉ် ဥပဒေအရ ယာဉ်မောင်းတွေကိုလည်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု ရဲမှူးမျိုးအောင်မြင့်က ဆက်ပြောသည်။

လက်ရှိတွင် စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို အရေးယူမည့် မော်တော်ယာဉ်ဥပဒေမှာ ၂၀၁၅ ခုနှစ်မတိုင်ခင် က ဒဏ်ငွေ ကျပ် ၁၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒဏ်ငွေမှာ ထိရောက်စွာ ဟန့်တားနိုင်သည့် ပြစ်ဒဏ်မဟုတ်သဖြင့် မော်တော်ယာဉ်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့ ခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

" ဒီဥပဒေအရဆိုရင် အခုလို စည်းကမ်းမဲ့ လမ်းဖြတ်ကူးမယ်ဆိုရင်၊ စစ်ဆေးတွေ့ရှိလို့ အရေးယူခံရမယ်ဆိုရင် ပြစ်မှုထင်ရှားခဲ့ရင်တော့ သက်ဆိုင်ရာ တရားရုံးက ဒဏ်ငွေအနေနဲ့ သုံးသောင်းကျပ်အထိကို ဒဏ်ရိုက်ပြီးတော့ အပြစ်ပေးနိုင်ပါတယ်"ဟု စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို အရေးယူမည့် ဥပဒေနှင့် ပတ်သက်ပြီး ရဲမှူးမျိုး အောင်မြင့်က ရှင်းပြသည်။

ထိုသို့ စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုမရှိစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ဆောင်ရွက်နေသည့်အပေါ် ပြည်သူ အချို့က လက်ခံသဘောတူမှုများရှိသော် အချို့ကမူ အသက်ကြီးပိုင်းများ၊ မသန်စွမ်းသူများအတွက် စိုးရိမ်မှုများရှိနေသည်။

" ဘယ်ဟာမဆို အကောင်းအဆိုးဆိုတာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီမှာ စက်လှေကားလုပ် ပေးလိုက်ရင် တော့ ပိုအဆင်ပြေမှာပေ့ါ။ အသက်ကြီးပိုင်းတွေအတွက်။ ဒါပေမယ့် ကိုယ့်နိုင်ငံအနေအထားက အဲ့လောက်မှ မတတ်နိုင်တာ။ ဒီလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်ရတာမှာပေါ့။ နည်းနည်းသီးခံကြပေါ့"ဟု အနော်ရထားလမ်းနှင့် ဆူးလေဘုရားလမ်းရှိ ခုံးကျော်တံတားဖြတ်ကာ လမ်းကူးနေသည့် ကိုဇေယျာတိုးက ပြောသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly