ဧရာဝတီတိုင်းအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လျော့ကျအောင် စီမံချက်ဖြင့် လုပ်ဆောင်နေ

ဧရာဝတီတိုင်းအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု လျော့ကျအောင် စီမံချက်ဖြင့် လုပ်ဆောင်နေ

ပုသိမ်၊ မေ ၁၅ ။         ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုလျော့ကျအောင် စီမံချက်ချလုပ်ဆောင်နေကြောင်း ပြည်သူကျန်းမာဦးစီးဌာနမှ ဒုတိယ ညွှန့်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကပြောသည်

“အခုအချိန်ကစပြီး ကျောင်းမဖွင့်ခင်နေရာလေးတွေကိုရှင်းချင်တယ်။ ကူးစက်မှုမပြန့်ပွားအောင် လုပ်ချင်တယ်။ နောက်ပြီး ပညာပေးလုပ်ငန်းတွေ ပိုးလောက်လန်နှိမ်နင်းရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်ခြင်း ဖြစ်တယ်” ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယခုလက်ရှိ လူ ၁၃ဝကျော် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေပြီး၊ သေဆုံးမှု မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ဇွန်လနှင့်ဇူလိုင်လတို့တွင်ဖြစ် ပွားပြီး ယခုနောက်ပိုင်းတွင် မြို့ပေါ်များထက် ကျေးလက်ဒေသတွင်ဖြစ်ပွားမှုနှုန်း များကြောင်း သေဆုံးမှုမှာ ကျေးလက်ဒေသတွင်သေဆုံးမှုများကြောင်း ပြည်သူကျန်းမာရေးဦးစီးဌာန မှသိရသည်။

လက်ရှိတွင် ပုသိမ်မြို့ ကွင်းတန်းလမ်းနင့် ငဝန်ကျွန်းသာ ၉လမ်းတို့မှ နေအိမ်အချို့တွင် Abate ဆေးခတ်ခြင်း အား မေလ ၁၅ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြို့နယ်ကျန်းမာရေးဦးစီးမှူးတွေကို ဖိတ်ထားပါတယ်။ သူတို့ကိုယ်ကျေးရွာအထိ စီမံချက်ဆွဲခိုင်းပါမယ် ။ သက်ဆိုင်ရာ တာဝန်ခံဆရာမက သက်ဆိုင်ရာကျေးရွာကို မြို့ပေါ်နည်းတူလုပ်ဖို့အတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် ကပြောသည်။

၂၀၁၈ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃ဝဝဝနီးပါးရှိပြီး သေဆုံးသူ ၁၂ဦး ရှိကြောင်း ဖြစ်ပွားမှု အများ ဆုံးမြို့နယ်မှာ ဟင်္သာတမြို့နယ်ဖြစ်ပြီး ၊ဒုတိယ အများဆုံးမှာ ပုသိမ်၊ မြောင်းမြနှင့် ကျုံပျော်မြို့နယ်များဖြစ် ကြောင်း သွေးလွန်တုပ်ကွေးသည် ၁၅နှစ်အောက်တွင် အဖြစ်များပြီး မြန်မာနိုင်ငံတွင် ၅နှစ်နှင့် ၉နှစ်အရွယ် တွင် အများဆုံးဖြစ်ပွားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required