ယခုရာသီကုန်မှာ အက်သလက်တီကိုက ထွက်ခွာတော့မယ့် ဂရီးဇ်မန်း

ယခုရာသီကုန်မှာ အက်သလက်တီကိုက ထွက်ခွာတော့မယ့် ဂရီးဇ်မန်း
Photos: EPA

အက်သလက်တီကိုတိုက်စစ်မှူး ဂရီးဇ်မန်းက သူဟာ အသင်းမှာ (၅)နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုရာသီအကုန်မှာ ထွက်ခွာသွားလိမ့်မယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဇွန်လက အသင်းနဲ့ (၅)နှစ် စာချုပ်ခဲ့ပေမယ့် စနေနေ့မှာ လီဗန်တေးနဲ့ ကစားရမယ့်ပွဲစဉ်ဟာ ကလပ်အသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲဖြစ်လာပါလိမ့်မယ်။

ဘာစီလိုနာအသင်းဟာ ဂရီးဇ်မန်းရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း (၁၂၀) ပေးချေကာ ခေါ်ယူလိမ့်မယ်လို့ သိရပါတယ်။

"အသင်းနဲ့အတူ မယုံနိုင်လောက်တဲ့ (၅)နှစ်တာကာလကို ကျနော် ဖြတ်သန်းခဲ့ပါတယ်။ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။"လို့ သူက ပြောပါတယ်။

"ကျနော်ကို ချစ်ခင်မှုများစွာ အမြဲပေးတဲ့ ပရိသတ်တွေကို ကျနော် ပြောစရာရှိပါတယ်။ ဒါကတော့ ကျနော်အနေနဲ့ တခြားစိန်ခေါ်မှုတွေ၊ တခြားအရာတွေကို ရင်ဆိုင်မြင်တွေဖို့အတွက် အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပါတယ်။"လို့ အသက် ၂၈ နှစ်အရွယ် ကစားသမားက တွစ်တာမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ ပြောပါတယ်။

"ကျနော့်အနေနဲ့ ဒီလိုဆုံးဖြတ်ရတာ တကယ်ကို ခက်ပါတယ်။ ဒါပေမယ့် ကျနော့်အတွက် လိုအပ်တယ်လို့ ထင်တာကြောင့် အခုလို ဆုံးဖြတ်ခဲ့တာပါ။ ဒီ (၅)နှစ်တာကာလအတွင်း ကျနော့အပေါ် ချစ်ခြင်းတွေပြသခဲ့တဲ့ ခင်ဗျာတို့အားလုံးကို ကျနော် ကျေးဇူးတင်ပါတယ်။"

ဂရီးဇ်မန်းဟာ ၂၀၁၄ ခုနှစ်က ဆိုစီဒက်အသင်းမှ အက်သလက်တီသို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း အသင်းအတွက် ပွဲပေါင်း (၂၅၆)ပွဲ ကစားကာ (၁၃၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ အက်သလက်တီကိုနဲ့အတူ ယူရိုပါလိဂ်၊ စပိန်စူပါဖလားနဲ့ ယူအီးအက်ဖ်အေ စူပါဖလားတွေကို ဆွတ်ခူးခဲ့ပြီး ပြီးခဲ့တဲ့ (၅)နှစ်အတွင်း နှစ်တိုင်း အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly