ပညာရေးလွတ်လပ်ခွင့်အတွက် ဟောင်ကောင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

ပညာရေးလွတ်လပ်ခွင့်အတွက် ဟောင်ကောင်တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြ

ဟောင်ကောင်တက္ကသိုလ် HKU မှ ကျောင်းသားများနှင့် တက္ကသိုလ်အမှုထမ်း ၂၀၀၀ ဝန်းကျင်က အောက်တိုဘာ ၆ ရက်တွင် ကျောင်းဝင်းအတွင်း အသံတိတ်စီတန်းလှည့်လည်ဆန္ဒပြမှုကို လုပ်ဆောင်ခဲ့ကြသည်။

ဟောင်ကောင်တက္ကသိုလ်တွင် လက်ထောက်ပါမောက္ခချုပ်တာဝန်ထမ်းဆောင်မည့် ပါမောက္ခ ဂျိုဟန်နက်စ်ချန်အား တက္ကသိုလ်ကောင်စီက ကန့်ကွက်ပြီးနောက်ပိုင်း တက္ကသိုလ်လုပ်ပိုင်ခွင့် အာဏာတွင် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုရှိသည်ဆိုကာ တက္ကသိုလ်ကျောင်းသားများက ဆန္ဒပြခြင်းဖြစ်သည်။

အထူးဆုံးဖြတ်ချက်များချမှတ်သည့် အဖွဲ့အစည်းဖြစ်သော တက္ကသိုလ်ကောင်စီ၏ အဖွဲ့ဝင်တစ်ချို့ကိုလည်း မြို့၏ လူကြိုက်မများသည့် ခေါင်းဆောင် လျန်ချန်ယင်က ခန့်အပ်ခြင်းဖြစ်ရာ ထိုသို့ဖြစ်နေခြင်းသည် တရုတ်သြဇာသက်ရောက်မှု လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။

ပါမောက္ခချန်သည် Occupy လှုပ်ရှားမှု တည်ထောင်သူ တက္ကသိုလ် ကထိကတစ်ဦးလည်းဖြစ်သည့် ဘန်နီတိုင်းနှင့် ရင်းနှီးနီးကပ်သည့်အတွက်ကြောင့် ယခုကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်ကြောင်း အများစုက ယုံကြည်ကြသည်။

"အခုဆို ပြည်သူတွေအပေါ် စိတ်ဖိစီးသက်ရောက်မှုတွေ ပိုဖြစ်နေလာတာကို တွေ့ရမယ်။ ဒီလိုအဖြစ်မျိုးတွေကို ပြန်ပြီးတိုက်ခိုက်ဖို့အတွက်က ကျွန်တော်တို့တစ်တွေ စုစည်းခိုင်မာနေဖို့လိုတယ်။ ဒီနေ့တန်းစီဆန္ဒပြမှုက ကျွန်တော်တို့ရဲ့ ဆန္ဒပြပွဲတွေအတွက် စုစည်းညီညွတ်အားရှိနေမှုကို ပြသလိုက်တာဖြစ်တယ်။"ဟု ဘန်နီတိုင်းက ပြောခဲ့သည်။

Ref: CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required