‘အသင်းရဲ့နှလုံးသားကို လှုပ်ခတ်စေသူ’ ဒီရော့ဆီကို စာချုပ်သက်တမ်းမတိုးတဲ့ ရိုးမား

‘အသင်းရဲ့နှလုံးသားကို လှုပ်ခတ်စေသူ’ ဒီရော့ဆီကို စာချုပ်သက်တမ်းမတိုးတဲ့ ရိုးမား
Photos: AFP & EPA

ရိုးမားအသင်းက ဒီရော့ဆီရဲ့ စာချုပ်ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်ကြောင်း အင်္ဂါနေ့က အတည်ပြုပြီးနောက်မှာတော့ အသင်းခေါင်းဆောင် ဒီရော့ဆီဟာ စီးရီးအေကလပ်နဲ့ ကစားသမားဘဝ (၁၈)နှစ်ကြာ ဖြတ်သန်းခဲ့မှုကို ယခုရာသီကုန်မှာ အဆုံးသတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အီတလီအသင်းနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ မေလ ၂၆ ရက်မှာ ပါးမားနဲ့ အိမ်ကွင်းပွဲစဉ်မှာ သူ့ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် သူကတော့ ဘောလုံးကစားသမားဘဝကနေ အနားယူမှာ မဟုတ်ပါဘူး။

"(၁၈)နှစ်တာကာလအတွင်း ဒီရော့ဆီဟာ ရိုးမားအသင်းရဲ့ နှလုံးသားကို လှုပ်ခတ်စေခဲ့သူဖြစ်ပါတယ်။"လို့ ကလပ်ဥက္ကဋ္ဌ ဂျိမ်းစ်ပယ်လော့တာက ပြောပါတယ်။

"ပါးမားနဲ့ပွဲဟာ အသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲဖြစ်လာမယ်ဆိုတာက ကျနော်တို့ကို ဝမ်းနည်းစေပါတယ်။ ဒါပေမယ့် သူ့ရဲ့ကစားသမားဘဝ ရှေ့ဆက်လိုတဲ့ ဆန္ဒကို ကျနော်တို့ လေးစားပေးရမှာပါ။ သူ့အသက်က (၃၆)နှစ်ပြည့်ခါနီးပါပြီ။ သူဟာ ဒီရာသီကုန်မှာ အသင်းက ထွက်ခွာပါလိမ့်မယ်။"

"သူ့ရဲ့ အသင်းပေါ် မယုံနိုင်လောက်အောင် ပေးဆပ်အပ်နှံခဲ့မှုအတွက် ရိုမားအသင်းမှာ ရှိတဲ့အယောက်တိုင်း ကိုယ်စား ကျနော်က ဒီရော့ဆီကို ကျေးဇူးတင်လိုပါတယ်။"

ဒီရော့ဆီက သူ့ရဲ့ စာချုပ်ဟာ သက်တမ်းတိုးသွားမှာမဟုတ်ဘူးလို့ တနင်္လာနေ့မှသာ သူသိခဲ့ရတယ်လို့ သတင်းစားရှင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

"ကျနော် နည်းပြတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် ကျနော်လို ကစားသမားတစ်ယောက်ရဲ့စာချုပ်ကို ကျနော် သက်တမ်းတိုးပေးပါလိမ့်မယ်။"လို့ သူက ပြောပါတယ်။

"ကျနော်ဟာ သူတို့အတွက် အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကိုတော့ ကလပ်က ချမှတ်ရမှာပါ။ ကျနော်တစ်ခုတည်းသော ဝမ်းနည်းမှုက ဒီနှစ်တွေထဲမှာ ကျနော်တို့ အနည်းငယ်သာ ပြောဆိုနွေးနွေးခဲ့ပါတယ်။

"ဒီလို(ဆက်ဆံရေး)မျိုးဟာ အနာဂတ်မှာ ပိုတိုးတက်ကောင်းမွန်လာမယ်လို့ ကျနော် မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်က အသင်းကို အားပေးတဲ့ ပရိသတ်တစ်ယောက်ဖြစ်နေလို့ပါ။ ဒါပေမယ့် ဒါဟာ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်လို့ ကျနော် နားလည်ထားပါတယ်။"

"ကျနော့်နှလုံးသားထဲရှိတဲ့ အသင်းအတွက် ကစားပေးခဲ့ရလို့ ကျနော် ကံကောင်းခဲ့ပါတယ်။"

ဒီရော့ဆီဟာ ရိုးမားအကယ်ဒမီကျောင်းကနေ သူ့ရဲ့ ဇာတိမြို့အသင်းနဲ့ စီနီယာကစားသမားဘဝတစ်ခုလုံးကို ကုန်ဆုံးခဲ့တာပါ။

သူဟာ ပြိုင်ပွဲစုံမှာ ရိုးမားအသင်းအတွက် ပွဲပေါင်း (၆၁၅)ပွဲကစားပြီး (၆၃)ဂိုး သွင်းယူပေးခဲ့ကာ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်မှာ ကိုပါအီတလီယာဖလား (၂)ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ စူပါကိုပါဖလား (၁)ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ရိုးမားဂန္တဝင်တိုက်စစ်မှူးဟောင်း တော့တီ (၇၈၆)ပွဲပြီးနောက် အသင်းအတွက် ဒုတိယမြောက် ပွဲအများဆုံးကစားထားသူအဖြစ် မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။

ဒါ့အပြင် ဒီရော့စီဟာ အီတလီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၁၇)ပွဲနဲ့ စတုတ္တမြောက် ပွဲအများဆုံးကစားသူလည်းဖြစ်ပါတယ်။

အီတလီအသင်းဟာ နှစ်ပေါင်း (၆၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ပြီးနောက် သူဟာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly